ကျိုက်ဒုံ၊ မတ် ၁၆

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့ရှိ စစ်ကောင်စီတပ်ဗျူဟာစခန်းကုန်းသိမ်း တိုက်ပွဲအတွင်း ဗျူဟာမှူးအပါအဝင် အယောက် ၆၀ ကျော် လက်နက်ချအညံ့ခံခဲ့ပြီး လက်နက်ခဲယမ်းအများအပြားကိုလည်း KNLA တော်လှန်ရေးအင်အားစုအဖွဲ့က သိမ်းပိုက်ရရှိခဲ့တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

KNU တပ်မဟာ ၆ နယ်မြေအတွင်းရှိ စစ်ကောင်စီတပ်ရဲ့ ကျိုက်ဒုံဗျူဟာစခန်းကုန်းကို ပြီးခဲ့တဲ့ ဇန်န ဝါရီ ၂၇ ရက်နေ့ကစပြီး KNLA တော်လှန်ရေးအင်အားစုအဖွဲ့က စတင်တိုက်ခိုက်ခဲ့ရာ နှစ်ဖက်စစ်ရေးတိုက်ပွဲ ၁ လ ကျော်ကြာ ဖြစ်ပွားခဲ့ကာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ကူ အပြင်းအထန် အသုံးပြုတိုက်ခိုက်ခဲ့ပါတယ်။

ကျိုက်ဒုံမြို့ စစ်ကောင်စီတပ် ဗျူဟာစခန်းကို KNLA တော်လှန်ရေးအင်အားစုအဖွဲ့က ဝိုင်းဝန်းပိတ် ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဗျူဟာမှာရှိတဲ့ စစ်ကောင်စီတပ်ထံ မြေပြင်ကနေ စစ်ကူနဲ့ရိက္ခာတွေ လာရောက်မပို့နိုင်တဲ့အတွက် လေကြောင်းကနေသာ ရိက္ခာတွေကို စစ်ကောင်စီတပ်က လာရောက်ပို့ ဆောင်နိုင်ခဲ့တာပါ။

KNLA တော်လှန်ရေးအင်အားစုအဖွဲ့က ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကျိုက်ဒုံအခြေချ စစ်ကောင်စီတပ် ဗျူဟာစခန်းကို မတ် ၁၃ ရက်နေ့ မနက် ၆ နာရီအချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး ဗျူဟာအတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေအနေနဲ့ လက်နက်ချအညံ့ခံပြီး ပူးပေါင်းဆောင်ရွက်ဖို့လည်း KNLA တော် လှန်ရေးပူးပေါင်းအဖွဲ့က ဖိတ်ခေါ်ခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက ဆိုပါတယ်။

ဒီလိုတိုက်ခိုက်နေတဲ့အချိန် မတ် ၁၄ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်ဘက်က ဗျူဟာမှူးအ ပါအဝင် အယောက် ၆၀ ကျော် လက်နက်ချအညံ့ခံလာခဲ့ပြီး လက်နက်ကြီး ၁၂၀ မမ အပါအဝင် လက် နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။

ကျိုက်ဒုံစစ်ဗျူဟာ စခန်းသိမ်းတိုက်ပွဲအပြီး စစ်ဗျူဟာကုန်းကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်နဲ့ ၁၀ ကြိမ်နီးပါး ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျိုက်ဒုံမြို့မှာ ၁ လကျော်ကြာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့် ဒေသခံပြည်သူအများအပြားဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတာပါ။

ကျိုက်ဒုံမြို့ဟာ ကြာအင်းဆိပ်ကြီးမြို့နယ်လက်အောက်ရှိ မြို့တစ်မြို့ဖြစ်သလို စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ နေရာတစ်ခုလည်း ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.