မော်လမြိုင်၊ မတ် ၁၄

စစ်ကောင်စီရဲ့ “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု”အဖြစ် ပြည်သူ လူထုတစ်ရပ်လုံး စုပေါင်းလက်မှတ်ရေးထိုးကြဖို့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ထုတ်ပြန်ပါတယ်။

လူထုထံကနေ ရရှိလာတဲ့ လက်မှတ်တွေကို နိုင်ငံတကာအစိုးရတွေ၊ အာဆီယံ၊ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်၊ ဥရောပသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်း အသီးသီးသို့ ပေးပို့သွားမယ်လို့ အသိပေးထားပါတယ်။

ဒါကြောင့် “အဓမ္မစစ်သား စုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေးလူထုလှုပ်ရှားမှု”အဖြစ် https:// www. change.org/antiforcedconscription မှာ ပြည်သူလူထုတစ်ရပ်လုံး ပါဝင်လက်မှတ်ရေးထိုးပေးကြဖို့ မေတ္တာရပ်ခံထားတာပါ။

NUCC နဲ့ NLD တို့က မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ အခြားနိုင်ငံတွေကဲ့သို့ ပြည်ပအန္တရာယ်ကာကွယ်ဖို့ နိုင်ငံသားတွေ မဖြစ်မနေစစ်မှုထမ်းမှု လုပ်ဆောင်ရမယ့် အခြေအနေမဟုတ်တဲ့အတွက် အဓမ္မစစ်သားစုဆောင်းမှုကို ပြည်သူလူထုတစ်ရပ်လုံး ဆန့်ကျင်ကန့်ကွက်ရမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ လုပ်ရပ်ဟာ အဓမ္မလုပ်အားခိုင်းစေဖို့နဲ့ လူသားဒိုင်း အသုံးချဖို့အတွက် လူငယ်လူ ရွယ်တွေကို ပစ်မှတ်ထားပြီး အတင်းအဓမ္မဖမ်းဆီးစုဆောင်းပြီး စစ်မှုထမ်းခိုင်းဖို့ ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

လက်ရှိမှာတော့ စစ်ကောင်စီဟာ နေပြည်တော်နဲ့ရန်ကုန်တို့မှာ အရွယ်ရောက်ပြီးသာ နိုင်ငံသားတိုင်း စစ်မှုထမ်းဖို့ နာမည်စာရင်းကောက်ယူတာနဲ့ ဆင့်ခေါ်တာတွေ စတင်လုပ်ဆောင်ပြီလို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေအရ အမျိုးသားဟာ အသက် ၁၈ နှစ်ကနေ ၄၅ နှစ်အထိ၊ အမျိုးသ မီးဟာ အသက် ၁၈ နှစ်ကနေ ၃၅ နှစ်အထိ၊ အနည်းဆုံး ၂ နှစ်ကနေ ၅ နှစ်အထိ စစ်မှုထမ်းရမယ်လို့ ပြဌာန်းထားပါတယ်။

စစ်ကောင်စီကတော့ စစ်မှုထမ်းအပတ်စဉ်(၁)ကို လာမယ့်သင်္ကြန်အပြီး စတင်သွားမှာဖြစ်ပြီး တစ်လလျှင် လူပေါင်း ၅၀၀၀ ၊ တစ်နှစ်လျှင် လူပေါင်း ၆၀၀၀၀ စစ်မှုထမ်းဖို့ ဆင့်ခေါ်သွားမယ်လို့ ထုတ် ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.