မော်စကို၊ မတ် ၁၂

သေဆုံးသွားပြီဖြစ်တဲ့ ရုရှားအတိုက်အခံခေါင်းဆောင် အလက်စီနာဗယ်နီဟာ ထောင်ထဲမှာရုတ်တရက် မသေဆုံးခင် လပိုင်းအလိုကတည်းက သူအဆိပ်ခတ်ခံလိုက်ရပြီလို့ထင်ကြောင်း ပြောကြားခဲ့တယ်လို့ သူ့ရဲ့ ရှေ့နေက ပြောပါတယ်။

နာဗယ်နီအတွက် ၁၆နှစ်အကြာ ရှေ့နေလိုက်ပေးခဲ့တဲ့ အိုဂါ မီခေးလ်လိုဗာက ၂၀၂၃ ဧပြီလအတွင်း နာဗယ်နီနဲ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း ရုရှားသတင်းဌာန Meduzaသို့ ပြောကြားခဲ့တာပါ။

အဲဒီအချိန်မှာ နာဗယ်နီက “သူတို့ကျွန်တော့်ကို အဆိပ်ခတ်ဖို့ ကြိုးစားနေကြတယ်ထင်တယ်”လို့ ပြောကြားခဲ့ကြောင်း မီခေးလ်လိုဗာက ပြောပါတယ်။

နာဗယ်နီက အဲဒီလိုပြောကြားပြီးနောက်မှာ သူက ဒီသတင်းကို ချက်ချင်းပြန်လည်ပြောပြခဲ့ပြီး တွစ်တာပေါ်မှာ လည်း ဖော်ပြခဲ့သလို တရားဝင်တိုင်ကြားမှုတွေလည်း ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

ရုရှားသမ္မတ ဗလာဒီမာပူတင်ကို အပြောင်တင်းဆုံးဝေဖန်သူ နာဗယ်နီဟာ ဖေဖော်ဝါရီ ၁၆ ရက်နေ့က အာတိတ်ဒေသရှိ နာမည်ဆိုးနဲ့ကျော်ကြားတဲ့ ထောင်ထဲမှာ သံသယဖြစ်စရာ အခြေအနေနဲ့ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သူဟာ နိုင်ငံရေးအရစေ့ဆော်မှု ပါဝင်တယ်လို့ အများကယုံကြည်ထားတဲ့ စွဲချက်တွေနဲ့ အဲဒီအကျဉ်းထောင်မှာ ၂၀၂၁ ကတည်းက အကျဉ်းကျခံနေရတာ ဖြစ်ပါတယ်။

နာဗယ်နီကို မျက်နှာချင်းဆိုင် တွေ့လိုက်ရတဲ့အချိန်မှာ မြင်တွေ့ရတဲ့ သူ့ရဲ့ပုံစံကြောင့် အရမ်းထိတ်လန့် အံ့သြသွားခဲ့ရတယ်လို့ မီခေးလ်လိုဗာက ပြောပါတယ်။

နာဗယ်နီကို ထောင်ထဲမှာ အစားကောင်းကောင်း မကျွေးကြသလို ကောင်းကောင်းလည်း ပေးမအိပ်ကြဘဲ တိုက်ပိတ်ထားတယ်လို့ မီခေးလ်လိုဗာက ပြောပါတယ်။

နာဗယ်နီကို ဆေးကုသခွင့်လည်း မပေးတာကြောင့် သူက အစာငတ်ခံဆန္ဒပြခဲ့ပြီး ထောင်ထဲမှာ ကျန်းမာအခြေအနေ ယိုယွင်းလာခဲ့တယ်လို့ သူကဆက်လက် ပြောကြားခဲ့ပါတယ်။

ရုရှား အကျဉ်းဦးစီးဌာနကတော့ နာဗယ်နီဟာ လမ်းလျှောက်နေရင်း သတိလစ်လဲကျသွားပြီးနောက် ဓမ္မတာ အတိုင်း သေဆုံးခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်အပါအဝင် အနောက်တိုင်း ခေါင်းဆောင်တွေက နာဗယ်နီသေဆုံးမှု နောက်ကွယ်မှာ ပူတင် ပါဝင်နေတယ်လို့ ပြောဆိုထားကြပေမယ့် ကရင်မလင်နန်းတော်က ငြင်းဆိုထားပါတယ်။

နာဗယ်နီဟာ ၂၀၂၀ ခုနှစ်ကလည်း အာရုံကြောအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပြီး ကံကောင်းလို့ အသက်ဘေးက လွတ်မြောက်ခဲ့တာ ဖြစ်ပါတယ်။

Ref: Business Insider

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.