ဂူဝါဟာတီ၊ မတ် ၉

အိန္ဒိယက မြန်မာနိုင်ငံနဲ့ ဗီဇာမလိုတဲ့ နယ်စပ်ဖြတ်ကျော်ခွင့် သဘောတူညီမှု အဆုံးသတ်လိုက်ပြီလို့ ပြောကြားပြီးနောက် မြန်မာနိုင်ငံကနေ ဝင်ရောက်ခိုလှုံခဲ့တဲ့ ဒုက္ခသည်တွေထဲက ပထမအသုတ်ကို မတ် ၈ ရက်နေ့မှာ စတင်ပြန်ပို့ခဲ့ပါတယ်။

နေရပ်ပြန်ပို့ခံရတဲ့ မြန်မာဒုက္ခသည်တွေဟာ စစ်တပ်အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲ ဝင်ရောက်ခိုလှုံခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်ပြီး ကျန်ရှိတဲ့ မြန်မာနိုင်ငံသားတွေကိုလည်း နေရပ်ပြန်ပို့ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံထဲက အရပ်သားပြည်သူတွေနဲ့ စစ်သားတွေ ပါဝင်တဲ့ လူထောင်ပေါင်းများစွာဟာ အိန္ဒိယပြည်နယ်တွေထဲ ဝင်ရောက်ခိုလှုံခဲ့ကြတာကြောင့် အိန္ဒိယအစိုးရက ဒေသတွင်း ပဋိပက္ခတွေ ဖြစ်လာမှာကို စိုးရိမ်နေတယ်လို့ ဆိုပါတယ်။

အိန္ဒိယနိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာခဲ့တဲ့ မြန်မာနိုင်ငံသားတွေထဲက ပထမဆုံးအသုတ်ကို နေရပ်ပြန်ပို့လိုက်ပြီလို့  မြန်မာနယ်စပ် အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ် ဝန်ကြီးချုပ် ဘီရန် ဆင်းဂျ်က ပြောကြားပါတယ်။

ပြီးခဲ့တဲ့နှစ် မေလက အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ မဏိပူရမှာ လူပေါင်း ၂၀၀ လောက် သေဆုံးခဲ့ပြီး ဒီလို အကြမ်းဖက်မှုတွေ ဖြစ်ပွားတာက မြန်မာနိုင်ငံထဲက ဝင်ရောက်လာသူတွေကြောင့်လို့ အိန္ဒိယအရာရှိတချို့ ပြစ်တင်ပြောဆိုတာတွေ ရှိနေပါတယ်။

မြန်မာဒုက္ခသည် ၇၇ ဦး ပါဝင်တဲ့ ပထမဆုံး အသုတ်ကို မတ် ၉ ရက်မှာ လွှဲပြောင်းပို့ဆောင်မှာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အိန္ဒိယလုံခြုံရေးအရာရှိတစ်ဦးက ပြောကြားထားပါတယ်။

လက်ရှိမှာတော့ အိန္ဒိယပြည်ထဲရေး ဝန်ကြီးဌာနက ၁၀၂၀ မိုင် ရှည်လျားတဲ့ မြန်မာနယ်စပ်ကို ခြံစည်းရိုးကာမယ်လို့ ကြေညာထားသလို ဆယ်စုနှစ်ပေါင်းများစွာကြာ တည်ရှိခဲ့တဲ့ ဗီဇာမလိုဘဲ သွားလာခွင့်ကိုလည်း အိန္ဒိယက အဆုံးသတ်ခဲ့တာပါ။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.