မက္ကစီကိုစီးတီး၊ မတ် ၉

အမေရိကန်မှာ ထောင်ဒဏ်ကျခံခဲ့ရပြီးနောက် ဟေတီနိုင်ငံသို့ ပြန်ရောက်ရှိလာခဲ့တဲ့ ၂၀၀၄ အာဏာသိမ်းမှုဦးဆောင် ပါဝင်ခဲ့သူ ဂိုင်းဖိလစ်ပီက လက်ရှိဝန်ကြီးချုပ် နုတ်ထွက်ပေးဖို့နဲ့ သူသမ္မတဖြစ်လိုတယ်လို့ မတ် ၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

ပြည်ပမှာ နေထိုင်နေပြီး ပြန်လာဖို့လည်း ဆန္ဒရှိပုံမရတဲ့ လက်ရှိဝန်ကြီးချုပ် အာရီရယ် ဟင်နရီ နုတ်ထွက်ပေးဖို့ တိုက်ခိုက်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေရဲ့ လများစွာကြာ အကြမ်းဖက်မှုတွေကြောင့် ဟေတီမှာ အစိုးရအဖွဲ့ ပြိုလဲတော့မလို ဖြစ်နေပါတယ်။

ရိုက်တာသတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အသက် ၅၆ နှစ်အရွယ် ရဲမှူးဟောင်းတစ်ဦးဖြစ်တဲ့ ဖိလစ်ပီက ဟေတီနိုင်ငံသားတွေအနေနဲ့ နိုင်ငံရဲ့ အနာဂတ်ကို ဆုံးဖြတ်သင့်တယ်လို့ ထင်ကြောင်း ပြောကြားခဲ့ပါတယ်။

ဝန်ကြီးချုပ် ဟင်နရီဟာ နိုင်ငံတွင်းမှာ ကြီးစိုးချယ်လှယ် ရာဇဝတ်ဂိုဏ်းတွေကို ချေမှုန်းရေး ကင်ညာဦးဆောင်တဲ့ ကုလသမဂ္ဂလုံခြုံရေး တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ တောင်းဆိုပြီးနောက် ပြီးခဲ့တဲ့သီတင်းပတ်က ဟေတီနိုင်ငံကနေ ထွက်ခွာခဲ့တာ ဖြစ်ပါတယ်။

မြို့တော် ပို့သ်အော်ပရင့်စ်မှာ အဓိကလေဆိပ် ပိတ်ထားရပြီး အကြမ်းဖက်မှုတွေကြောင့် လူထောင်ချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရချိန်မှာ အစိုးရက အရေးပေါ်အခြေအနေကြေညာချက်ကို နောက်ထပ်သက်တမ်းတိုးကြောင်း မတ် ၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီယို ဘလင်ကန်ကတော့ ဖိလစ်ပီကို နိုင်ငံရေး အသွင်ကူးပြောင်းမှု ပြုလုပ်ရေး တိုက်တွန်းထားပါတယ်။

ဟေတီမှာ ရာဇဝတ်ဂိုဏ်းတွေက ထောင်ဖောက်ပြီး အကျဉ်းသားအများကြီးကို လွှတ်ပေးလိုက်ပြီးနောက် အရေးပေါ် အခြေအနေ ကြေညာထားတာ ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.