သထုံ၊ ဖေဖော်ဝါရီ ၁၄

မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြား တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားနေတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစလို့ သထုံမြို့နယ်ထဲကို တပ်အင်အား ၇၀ ဝန်းကျင်ပါတဲ့ စစ်ကောင်စီတပ်ကနေ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲတွေဟာ သထုံမြို့နယ် ထုံးဘိုကြီးကျေးရွာအနီးမှာ တစ်ကြိမ်၊ ထုံးဘိုလေးကျေးရွာမှာ တစ်ကြိမ်၊ ဖားသိမ်နဲ့ဝမ်းဘဲအင်းကျေးရွာကြားမှာ တစ်ကြိမ်၊ တစ်ရက်တည်း တိုက်ပွဲသုံးကြိမ် ဖြစ် ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးတာတွေ ရှိနေပေမယ့် အရေအတွက် အတိအကျ ဆက်လက်စုံစမ်းနေတယ်လို့ KNU သထုံခရိုင်အတွင်းရေးမှူး စောအေးနိုင်က ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီ စစ်ကြောင်းဟာ ပိန္နဲတောတပ်စခန်းထံ လာရောက်ပူးပေါင်းသွားပြီး လက်ရှိမှာတော့ နှစ်ဖက်စစ်ရေး ဆက်လက်တင်းမာနေတယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ထုံးဘိုကြီး၊ ထုံးဘိုလေး၊ ဖားသိမ်၊ ဝမ်းဘဲအင်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပေမယ့် ဒီနေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှာတော့ ကျေးရွာတွေထဲ ပြန်လည်နေထိုင်နေကြပြီလို့ သိရပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေဖြစ်တဲ့ သထုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား အချိန် ၆ လထက်မနည်း နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားတာ မရှိပေမယ့် အခုအခါမှာတော့ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားလာတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.