ကော့ကရိတ်၊ ဖေဖော်ဝါရီ ၁၄

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့အကြား ထိတွေ့တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး နေအိမ်တချို့ထပ်မံမီးလောင်ပျက်စီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ မနက်အစောပိုင်းအချိန်ကစပြီး ကော့ကရိတ်မြို့၊ အမှတ် ၇ ရပ်ကွက် ခရိုင်ရုံးအနီးတစ်ဝိုက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းအဖွဲ့တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ် ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုကိုတော့ မသိရသေးပါဘူး။

တိုက်ပွဲအတွင်း မနက် ၁၁ နာရီအချိန်ခန့်မှာ အမှတ် ၂ ရပ်ကွက်ရှိ ဝင်းကြီး ဓမ္မရာမကုန်းအရှေ့ဘက်နဲ့ တောင်စွန်းတံတားအနီး ဘုရင့်နောင်လမ်းပေါ်မှာ နေအိမ် ၆ လုံးထက်မနည်း မီးလောင်ကျွမ်းနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေကနေ သိရပါတယ်။

ကော့ကရိတ်မြို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေ ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာဖြစ်ပြီး မြို့မကျရေးအတွက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီ ၇ ရက်နေ့မှာ မွန်ပြည်နယ်ကနေတစ်ဆင့် အင်အား ၂၀၀ ဝန်းကျင် တပ်ကူအင်အားတွေ ပို့လွှတ်ခဲ့ပြီး နောက်ရက်တွေမှာ နှစ်ဖက်တိုက်ပွဲတွေ ဆက် လက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်နေရတဲ့အချိန် ကော့ကရိတ်မြို့ပေါ်က နေအိမ်တွေဟာ နေ့စဉ်လိုလို မီးလောင်ကျွမ်းမှုတွေ ဖြစ်ပေါ်နေပြီး စစ်ကောင်စီတပ်ကလည်း မြို့ပေါ်ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေကနေ သိရပါတယ်။

အချိန်နှစ်လကျော်ကြာမြင့်လာတဲ့ တိုက်ပွဲတွေကြောင့် ကော့ကရိတ်ဒေသခံပြည်သူ ၃၀၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေလည်း ဆက်လက်လိုအပ်လျက်ရှိနေတယ်လို့ KNU ဒူးပလာယာခရိုင်က အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.