မြောက်ဦး၊ ဖေဖော်ဝါရီ ၉

ရက္ခိုင့်တပ်တော် AA အနေနဲ့ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီရဲ့ စစ်သင်္ဘော ၇ စင်းလောက် သွားလာလို့ မရနိုင်အောင်နဲ့ မြစ်အတွင်းရေချလို့ မရနိုင်အောင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၁၀၅ ရက်မြောက်နေ့ တိုက်ပွဲသတင်းတွေနဲ့ ပတ်သက်ပြီး ဖေဖော်ဝါရီ ၈ ရက်နေ့ ည ၁၂ နာရီဝန်းကျင်မှာ ထုတ်ပြန်ခဲ့ပြီး ရခိုင်ဒေသမှာ ရက္ခိုင့်တပ်တော် AA ရဲ့ ထိုးစစ်တွေကြောင့် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ကြည်း၊ ရေ၊ လေ ပူးပေါင်းခုခံစစ်ကို AA က ချေမှုန်းနိုင်ခဲ့ပြီး ဖေဖော်ဝါရီ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ စစ်ကောင်စီရဲ့ ကမ်းထိုးယာဉ်နဲ့ တိုက်ခိုက်ရေးယာဉ်တွေဖြစ်တဲ့ စစ်သင်္ဘော ၃ စင်း ကို နစ်မြုပ်အောင် AA က တိုက်ခိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အလားတူပင် အခြားစစ်သင်္ဘောတစ်စင်းကိုလည်း ထိခိုက်ပျက်စီးအောင် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့ပြီး စစ်သင်္ဘောတွေပေါ်က လက်နက်ချအညံ့မခံဘဲ ထွက်ပြေးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း မြစ်ကြောင်းအတွင်း လိုက်လံတိုက်ခိုက်နေတယ်လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၈ ရက်နေ့ဟာ AA ရဲ့ သမိုင်းမှာ ရန်သူကိုပင်လယ်ပြင်ထက်မှာအောင်ပွဲရေးထိုးနိုင်ခဲ့တဲ့ နေ့တစ်နေ့ဖြစ်ပြီး မြောက်ဦးမြို့ ရှိ စစ်ကောင်စီရဲ့ လက်ကျန်တစ်ခုထဲဖြစ်တော့တဲ့ ရဲတပ်ရင်း (၃၁) ကိုလည်း AA က အပြီးသတ်ထိုးစစ်ဆင် တိုက်ခိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာပါ။

ရက္ခိုင့်တပ်တော် AA အနေနဲ့ ပြီးခဲ့တဲ့ဇန်နဝါရီမှာ ရခိုင်က စစ်ကောင်စီရဲ့ အမှတ် (၉) စစ်ဆင်ရေးကွပ်ကွဲမှုဌာနချုပ်အောက်ရှိ မင်းပြား၊ကျောက်တော်နဲ့ မြောက်ဦးမြို့က တပ်ရင်း ၁၀ ရင်းကို တစ်လကျော်အတွင်း တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စကခ ဌာနချုပ်ကိုပါ အပြီးသတ်ချေမှုန်းနိုင်ခဲ့တာပါ။

စစ်ကောင်စီဘက်ကတော့ ရခိုင်မှာ ကမ်းထိုးယာဉ်နဲ့ တိုက်ခိုက်ရေး စစ်သင်္ဘောတွေ တိုက်ခိုက်ဖျက်ဆီးခံရတဲ့ အခြေအနေနဲ့ ရခိုင်က တပ်ရင်းစခန်းတွေ တိုက်ခိုက်ခံရမှု အခြေအနေတွေကို သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

ညီနောင်မဟာမိတ်သုံးဖွဲ့ကနေ စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်အကျော်မှာ ရခိုင်ဘက်ကို စစ်မျက်နှာဖွင့်လိုက်တဲ့ AA အနေနဲ့ ချင်းက ပလက်ဝနဲ့ ဆမီးမြို့ အပါအဝင် ရခိုင်က ပေါက်တော၊ မင်းပြား၊ ကျောက်တော်၊မြောက်ဦးနဲ့ တောင်ပြိုမြို့တို့ကို သိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.