ထားဝယ်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ် သပြေချောင်းကျေးရွာရှိ မယ်ဝေးတောင်တပ်စခန်းကုန်းကို ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ဗထူးတပ် မတော်ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီစခန်းကုန်းဟာ အမှတ်(၈) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ခမရ- ၄၀၁ နဲ့ ခမရ-၄၀၂ ကပ်လျှက်ရှိ မယ်ဝေးတောင်ပေါ်မှာ တပ်စွဲထားတဲ့ စခန်းကုန်းကို ဗထူးတပ်မတော်နဲ့ ထားဝယ်စုပေါင်းစစ် ကြောင်းတို့က ဖေဖော်ဝါရီ ၅ ရက် ညနေပိုင်းမှာ သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။

တပ်အင်အား ၅ ဦးထက်မနည်း တပ်စွဲထားတဲ့ မယ်ဝေးတောင်စခန်းကို ဒေသပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အချိန် စစ်ကောင်စီတပ်သားတွေဟာ စခန်းစွန့်ခွာ ထွက်ပြေးခဲ့တယ်လို့ ဗထူးတပ်မတော်ရဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ထက်မြက်က ပြောပါတယ်။

“ညနေပိုင်းပေါ့ ၄ နာရီခွဲ ၅ နာရီလောက်။ အဲဒီအချိန်မှာစပြီးတိုက်တာ မိနစ်ပိုင်းအတွင်းမှာပဲ သိပ်တော့မကြာလိုက်ဘူး။ စခန်းစွန့်ပြီး ထွက်ပြေးသွားတာ” လို့ဆိုပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေဆုံးခဲ့ပြီး သေနတ် ၃ လက်နဲ့ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သလို သာသနာ့နယ်မြေ ဖြစ်တာကြောင့် စခန်ကုန်းကို မီးရှို့ဖျက်ဆီးခြင်းမရှိဘဲ ပြန် လည်ဆုတ်ခွာခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ည ၇ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်က အဲဒီစခန်းကုန်းပတ်ဝန်းကျင်ကို လေကြောင်းပစ်ကူဖြင့် ပစ်ကူပေးခဲ့ပြီး ထိခိုက်ပျက်စီးတာတွေ ရှိတယ်လို့ ရဲဘော်ထက်မြက်က ဆိုပါတယ်။

မယ်ဝေးတောင်တပ်စခန်းကုန်း တိုက်ပွဲဟာ တနင်္သာရီတိုင်းအတွင်း ဒုတိယမြောက် စခန်းသိမ်းတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲတိုင်းမှာ လေကြောင်းတိုက်ခိုက်မှုတွေကိုပါအသုံးပြုလာခဲ့တာ ဖြစ်ပါတယ်။

သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်အရ အခုတစ်ခါ ပြုလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအပါအဝင် တနင်္သာရီတိုင်းမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု ၅ ကြိမ်ထက်မနည်း ပြု လုပ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ဘန်ချောင်းဒေသက ကျောက်ထုတပ်စခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA နဲ့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Ba Htoo Army

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.