မောင်တော၊ ဖေဖော်ဝါရီ ၅
မြန်မာ-ဘင်္ဂလာဒေ့ရှ်နယ်စပ် ရခိုင်ပြည်နယ် မောင်တောမြို့အခြေစိုက် စစ်ကောင်စီရဲ့ တောင်ပြို(လက်ယာ)နယ်ခြားစောင့်တပ်စခန်းကို ရက္ခိုင့်တပ်တော် AA က အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ညီနောင်သုံးဖွဲ့က သတင်းထုတ်ပြန်ပါတယ်။
မောင်တောမြို့အခြေစိုက် တောင်ပြို (လက်ဝဲ-လက်ယာ) နယ်ခြားစောင့်တပ်စခန်းနှစ်ခုကို AA က တပြိုင်နက်တည်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး မနေ့ ဖေဖော်ဝါရီ ၄ ရက်နေ့ ညနေ ၆ နာရီအချိန်ခန့်မှာ တောင်ပြို (လက်ယာ) စခန်းတစ်ခုလုံးကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။
တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ နယ်ခြားစောင့်ရဲနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း ၆၀ နီးပါးဟာ နယ်စပ်မှတစ်ဆင့် ဘင်္ဂလာဒေ့ရှ်နိုင်ငံအတွင်းသို့ ခိုးဝင်ပြီး လက်နက်တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
ကျန်ရှိတဲ့ တောင်ပြို(လက်ဝဲ) စခန်းကိုလည်း ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေနဲ့ လက်နက်ချအညံ့ခံပါက အသက်ချမ်းသာရာရမယ်လို့ ညီနောင်သုံးဖွဲ့က အသိပေးထားပါတယ်။
တောင်ပြိုနယ်ခြားစောင့်စခန်းကို AA သိမ်းပိုက်မှုအပါအဝင် တပ်ဖွဲ့ဝင်အများအပြား ဘင်္ဂလာဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထုတ်ပြန်တာ မရှိသေးပါဘူး။
ရက္ခိုင့်တပ်တော် AA ကတော့ ရခိုင်ပြည်နယ်အတွင်းရှိ မြောက်ဦး၊ မင်းပြားနဲ့ ကျောက်တော်မြို့နယ်တို့ကို စစ်ကောင်စီမှ လက်လွှတ်ဆုံးရှုံးဖို့ ရာနှုန်းပြည့်သေချာနေသလို ကျန်ရှိတဲ့ စခန်းအချို့ အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းနေတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media