ကျိုက်ဒုံ၊ ဖေဖော်ဝါရီ ၄

ကရင်ပြည်နယ် ကျိုက်ဒုံမြို့အနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၂၀၀၀၀ ကျော် တိမ်းရှောင်နေရတယ်လို့ KNU ဗဟိုက ဖေဖော်ဝါရီ ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီတပ်ရဲ့ နေပြည်တော်လေတပ်ကနေ ဂျက်ဖိုက်တာလေယာဉ်နဲ့ KNU တပ်မဟာ ၆ နယ်မြေ ကျိုက်ဒုံမြို့အနီး မိတန်ကျေးရွာ စာသင် ကျောင်းဝန်းထဲကို ပေါင် ၅၀၀ ဗုံး ၃ လုံးနဲ့ ရည်ရွယ်ချက်ရှိရှိ လာရောက်ဗုံးကြဲပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲပစ်ခတ်မှုကြောင့် မိတန်ကျေးရွာ စာသင်ကျောင်းနဲ့ လူနေအိမ်အချို့ ထိမှန်ပျက်စီးသွားခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ကျိုက်ဒုံမြို့အနီးရှိ ကျေးရွာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရည်ရွယ်ချက်ရှိရှိ နေ့ စဉ်ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် ဒေသခံပြည်သူသောင်းနဲ့ချီ နေရပ်စွန့်ခွာတိမ်းရှောင်နေကြရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ကျိုက်ဒုံမြို့ထဲမှာ ဇန်နဝါရီလကုန်ပိုင်းကစပြီး KNLA တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်ပွားနေခဲ့ကာ ဒီနေ့အချိန်အထိလည်း စစ်ရေးတင်းမာနေဆဲဖြစ်သလို တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ပြည်သူနေထိုင်တဲ့ ကျေးရွာတွေထဲကို လက် နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်တာတွေ လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

KNU တပ်မဟာ ၆ နယ်မြေ မြဝတီမြို့နယ် သင်္ကန်းညီနောင် ရွာသစ်ကျေးရွာဘက်မှာလည်း ဇန်န ဝါရီလကုန်ပိုင်းကစလို့ စစ်ကောင်စီတပ်နဲ့ KNLA တော်လှန်ရေးပူးပေါင်းတပ်တို့အကြား နှစ်ဖက်စစ်ရေးတင်းမာနေခဲ့ပြီး ဖေဖော် ဝါရီ ၂ ရက်နေ့ကလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

သင်္ကန်းညီနောင် ရွာသစ်ကျေးရွာဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်မှာ တည်ရှိတဲ့ရွာဖြစ်ပြီး အဲဒီဒေသပတ်ဝန်းကျင်တစ်ဝိုက်မှာ စစ်ကောင်စီရဲ့ ခမရ-၃၅၅၊ ခမရ-၃၅၆၊ ညီနောင်အခြေချဗျူဟာတပ်တွေရှိနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၉ ရက်နေ့ကလည်း သင်္ကန်းညီနောင်အခြေစိုက် စစ်ကောင်စီတပ် ခမရ-၃၅၆ တပ်ရင်းထဲကို တာဝန်ချိန်းပြောင်းဖို့လာတဲ့ စစ်ရဟတ်ယာဉ်တစ်စီးကို KNLA တော်လှန်ရေးပူး ပေါင်းအဖွဲ့က ပစ်ချခဲ့တဲ့အတွက် တပ်မ ၄၄ တပ်မမှုူးအပါအဝင် ၅ ဦး သေဆုံးခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.