ကော့ကရိတ်၊ ဇန်နဝါရီ ၃၀

ကရင်ပြည်နယ် ကော့ကရိတ်မြို့ပေါ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူလူထုနေအိမ်တွေကို ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်ဆီးဖို့အတွက် ကြိုတင်စီစဉ်ထားမှုတွေကို နယ်မြေရှင်းလင်းရေးလုပ် ဆောင်စဉ် ဖော်ထုတ်နိုင်ခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ကော့ကရိတ်မြို့ပေါ်မှာ တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်ခဲ့ရာမှာ အိမ်အတွင်းက လောင်စာ၊ တာယာကွင်း၊ အင်ဂျင်ဝိုင်၊ သစ်ကိုင်းသစ်ရွက်ခြောက်စတဲ့ မီးလောင်လွယ်တဲ့အရာတွေကို စစ်ကောင်စီတပ်က နေအိမ်ထဲမှာစုပုံစေပြီး မီးရှို့ဖျက်ဆီးဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ကြို တင်ကြံစည်ထားတဲ့သက်သေတွေကို ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်ပိုင်ဆိုင်မှုတွေကို စိတ်တိုင်းကျခိုးယူခွင့်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ထိုးစစ်ကိုမခံနိုင်လို့ ဆုတ်ခွာထွက်ပြေးသွားရပါက နေအိမ်တွေကို မီးရှို့ဖျက်ဆီးဖို့ စစ်ကောင်စီတပ်အနေနဲ့ အထက်ကနေ ခွင့်ပြုချက်ရထားပြီးသားဖြစ်တယ်လို့ ထုတ်ပြန်ထားချက်မှာ ပါရှိပါတယ်။

ကော့ကရိတ်မြို့ထဲမှာ ဇန်နဝါရီ ၂၆ ရက်နေ့မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လျက်ရှိနေပြီး ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁ နာရီခွဲကနေ ၇ နာရီဝန်းကျင်အချိန်အထိလည်း မြို့တွင်းထဲကို စစ်ကောင်စီတပ်က လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်လျက်ရှိတဲ့အတွက် နေအိမ်တွေ မီးလောင်ပျက်စီးထားပါတယ်။

ဇန်နဝါရီ ၂၇ ရက်နေ့ မနက် ၁၁ နာရီအချိန်ခန့်မှာ ကော့ကရိတ်မြို့ အလက(၂) တောင်ပေါ်ရပ်ကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက နယ်မြေဝင်ရောက်ရှင်းလင်းခဲ့ရာ နှစ်ဖက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖက်က အထိနာခဲ့ပြီး စာသင် ကျောင်းနဲ့ နေအိမ်တွေကို မီးရှို့ကာ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ကျားဖြူစစ်ကြောင်းက ဆိုပါတယ်။

ကော့ကရိတ်မြို့မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးကြရတဲ့ ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှု၊လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် နေအိမ်အဆောက်အဦးပေါင်း ၂၀၀ ဝန်းကျင်ခန့် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်ကနေ သိရပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကော့ကရိတ်မြို့ရှိ ပြည်သူ့ပိုင်နေအိမ်တွေဟာ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုတွေကြောင့် မီးလောင်ပျက်စီးရတာ အများဆုံး ဖြစ်ပေါ်နေတယ်လို့ ဆိုကြပါတယ်။

စစ်ကောင်စီတပ်ဟာ ကော့ကရိတ်မြို့ကို အလုံးစုံပျက်စီးသွားစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ပစ်ခတ်တိုက်ခိုက်လုပ်ဆောင်နေပြီး နေအိမ်တွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တာ ကျူးလွန်နေတယ်လို့ ကျားဖြူစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ကျားဖြူစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းဖို့ ကြိုးပမ်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

နိုင်ငံအနှံ့တိုက်ပွဲတွေအတွင်း မြို့တွေလက်လွှတ်နေရတဲ့ စစ်ကောင်စီတပ်ဟာ ကျန်ရှိတဲ့အရပ်သားပြည်သူပိုင်နေအိမ်တွေနဲ့ မြို့ပြအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီးတာအပြင် လေကြောင်းတိုက် ခိုက်ပြီး မြို့လုံးကျွတ် ဖျက်ဆီးတာတွေ လုပ်ဆောင်နေတာပါ။

စစ်တပ်လော်ဘီတွေကလည်း တော်လှန်ရေးအင်အားစုတွေ သိမ်းပိုက်ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းနဲ့ ဗုံးကြဲဖျက်ဆီးဖို့ လှုံ့ဆော်တာတွေ ရှိနေသလို စစ်တပ်မထောက်ခံတဲ့ ရွာတွေကို မီးရှို့ဖျက်ဆီးဖို့ တိုက်တွန်းတာတွေ ရှိနေပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့က စတင်ခဲ့တဲ့ ကော့ကရိတ်တိုက်ပွဲကြောင့် လူဦးရေသောင်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရပြီး လက်ရှိအချိန်အထိ နေရပ်မပြန်ရဲသေးဘူးလို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.