မော်လမြိုင်၊ ဇန်နဝါရီ ၂၉

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ တပ်မဟာ(၃) ဆောထိနဲ့မူးမြို့နယ်တို့မှာ စစ်ကောင်စီတပ် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်နဲ့ မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် ကလေးငယ်တစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့ ည ၉ နာရီအချိန်ခန့်မှာ KNU ဆောထိမြို့နယ် ဆုံကုန်းကျေးရွာထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး  ၃ လုံး ကျရောက်ပေါက်ကွဲမှုကြောင့် ဆေးဆရာမ ဒေါ်သဉ္ဇာနွယ်ရဲ့ လသားအရွယ် ကလေးငယ်နဲ့ အသက် ၁၄ နှစ်အရွယ် မမိုးသီသီစန်းတို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။

အဲ့ဒီနေ့မှာပဲ မူးမြို့နယ် ရွာသစ်ရွာဘုန်းကြီးကျောင်းထဲ စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၁၆ နှစ်အရွယ် မောင်ကျော်သူစိုး ညာဘက်လက်မောင်း ကျည်စထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အဲဒီနေ့ မနက် ၆ နာရီအချိန်ခန့်မှာလည်း မူးမြို့နယ် ခုံမြောင်းကျေးရွာနေ အသက် ၂၁ နှစ်အရွယ် မမျိုးသူဇာဝင်းဟာ စစ်ကောင်စီ ခမရ ၈၉၉ တပ်စွဲထားတဲ့ တုံးတောစခန်းအနီး မြေမြှုပ်မိုင်းနင်းမိ ပေါက်ကွဲမှုကြောင့် ညာဘက်ခြေထောက် ဖြတ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

KNU အုပ်ချုပ်နယ်မြေ တပ်မဟာ(၃) ညောင်လေးပင်ခရိုင်အတွင်းမှာ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သား ၃၀ ထက်မနည်း ထိခိုက်သေဆုံးဒဏ်ရာရတာ ရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.