ရေး၊ ဇန်နဝါရီ ၃၀

မွန်ပြည်နယ် ရေးမြို့နယ် ရေးတံတားကြီး စစ်ဆေးရေးဂိတ် စနိုက်ပါနဲ့တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုအဖွဲ့ဖြစ်တဲ့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေ တပ်စွဲနေထိုင်နေတဲ့ ရေးတံတားကြီးစစ်ဆေးရေးဂိတ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့မှာ ဒေါနစစ်ကြောင်းရဲ့ စနိုက်ပါတပ်စုကနေ သွားရောက်တိုက်ခိုက်ခဲ့တာပါ။

စနိုက်ပါနဲ့ တိုက်ခိုက်ခံရတာကြောင့် ရဲတပ်ဖွဲ့ဝင် တစ်ဦး ပွဲချင်းပြီး သေဆုံးသွားကာ လူနာတင်ယာဉ်နဲ့ လာရောက်သယ်ဆောင်သွားတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ရေးတံတားကြီး စစ်ဆေးရေးဂိတ်ဟာ ခရီးသွားပြည်သူတွေထံကနေ ငွေကြေးတောင်းခံတာနဲ့ ပြည်သူတွေကို အကြိမ်ကြိမ်ဒုက္ခပေး အနိုင်ကျင့်နေတဲ့အတွက် တော်လှန်ရေးအင်အားစုတွေက သွားရောက်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ရေးတံတားကြီးဂိတ်အား စနိုက်ပါနဲ့ တိုက်ခိုက်မှုအတွင်း ထပ်တိုးဒဏ်ရာရသူတွေနဲ့ ထိခိုက်သေဆုံးမှု အခြေအနေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့ ဒေါနစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

ရေးမြို့နယ်တောင်ပိုင်း အခြေစိုက် စစ်ရေးလှုပ်ရှားတဲ့ ဒေါနစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့ကလည်း တော်လှန်ရေးမဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ရေး-သံဖြူဇရပ်ကားလမ်းပေါ်ရှိ စစ်ကောင်စီရဲ့ ကြိုးတံတားဂိတ်ကို တိုက်ခိုက်သိမ်းပိုက်ထားတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဒေါနစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.