မြဝတီ၊ ဇန်နဝါရီ ၂၉
ကရင်ပြည်နယ် မြဝတီမြို့နယ် သင်္ဃန်းညီနောင်မှာ စစ်ကောင်စီ ရဟတ်ယာဉ်တစ်စီး ပစ်ချခံရပြီး ရှေ့တန်းနယ်မြေကို ကွပ်ကဲကိုင်တွယ်နေတေဲ့ စစ်ကောင်စီတပ်မမှူး အပါအဝင် ၅ ဦး သေဆုံးသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်အရ သိရပါတယ်။
မြဝတီမြို့နယ် သင်္ဃန်းညီနောင် အပြင်မဲကနယ်ကျေးရွာဘက်မှာ ဒီနေ့ ဇန်နဝါရီ ၂၉ ရက်နေ့မှာ စစ်ကောင်စီတပ်နဲ့ KNLA ကော်ဘရာပူးပေါင်းအဖွဲ့တွေကြား နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာပါ။
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း မြဝတီမြို့နယ် သင်္ဃန်းညီနောင်ဗျူဟာဘက်ကို တက်လာတဲ့ စစ်ကောင်စီတပ် ရဟတ်ယာဉ် ၂ စီးကို ကော်ဘရာတပ်ဖွဲ့တွေက ပွိုင့် ၅ သေနတ်၊ စနိုက်ပါသေနတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဟတ်ယာဉ်တစ်စီး သင်္ဃန်းညီနောင်မှာ ထိမှန်ပျက်ကျသွားခဲ့တာပါ။
ရဟတ်ယာဉ် ပျက်ကျမှုမှာ စစ်ကောင်စီတပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင် သေဆုံးသွားတယ်လို့ သတင်းတွေ ထွက်ပေါ်နေပေမယ့် သံလွင်တိုင်းမ်အနေနဲ့ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီရဲ့ တပ်မ ၄၄ တပ်မမှူး ဗိုလ်မှူးချုပ် အေးမင်းနောင်ဟာ သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာမှာ လာရောက်ကွပ်ကဲနေထိုင်ရတာဖြစ်ပြီး ဒီနေ့မှာတော့ ဗျူဟာထဲကို ပြန်အလာမှာ ပစ်ချခံရတဲ့ ရဟတ်ယာဉ်ထဲ ပါဝင်သွားတာလို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media