ဘန်ကောက်၊ ဇန်နဝါရီ ၂၂

ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ ဘန်းခွန်သီယန်ဒေသမှာ မြန်မာနိုင်ငံသားလို့ ယူဆရတဲ့ အမျိုးသား တစ်ဦးရဲ့ ခန္တာကိုယ်အစိတ်အပိုင်းတွေကို ရေခဲသေတ္တာထဲမှာ တွေ့ရှိထားတယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဘန်ကောက်မြို့တောင်ဘက် အစွန်ဆုံးဒေသမှာရှိတဲ့ အဆောက်အဦး တခုရဲ့ လေးလွှာမှာရှိတဲ့ အခန်းထဲက အဖြူရောင်ရေခဲသေတ္တာတစ်လုံးကို ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေက ရှာဖွေတွေ့ရှိခဲ့တာပါ။

ရေခဲသေတ္တာထဲမှာ ခြေထောက်ကိုတွေ့ရှိခဲ့တာဖြစ်ပြီး အခန်းထဲနဲ့ ရေချိုးခန်းထဲမှာလည်း သွေး စီးကြောင်းတွေ တွေ့ရကာ လွှစက်တစ်ခုကို ကုရင်အောက်မှာရှာတွေ့ထားတယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာကို မြန်မာနိုင်ငံသား ၅ ဦးဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ရောက်ရှိလာတာ ဖြစ်တယ်လို့ အခြေချနေထိုင်တဲ့ မြန်မာနိုင်ငံသားတစ်ဦးက ပြောခဲ့ပြီး အဲဒီအခန်းကို အိန္ဒိယ နိုင်ငံသား တစ်ဦးဌားရမ်းထားတာဖြစ်ကာ အဆောက်အအဦးကို အလုပ်အကိုင်နေရာချထားရေး ရုံးအဖြစ် အသုံးပြုနေတာဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ပိုင်းမှာ မြန်မာနိုင်ငံသားတွေဟာ တခြားနေရာမှာ အလုပ်ရတာကြောင့် ထွက်ခွာ သွားကြ တယ်လို့ သိရပြီး မြန်မာနိုင်ငံသားတစ်ဦးသာ အဲဒီအခန်းမှာကျန်နေခဲ့ကာ ဇန်နဝါရီလ ၂၀ ရက်နေ့ကစပြီး တခြားသူတွေနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်တယ်လို့ သိရပါ တယ်။

လက်ရှိမှာတော့ စုံစမ်းစစ်ဆေးသူတွေဟာ အဲဒီအဆောက်အဦးနဲ့ ဒေသတွင်းက စီစီတီဗီ ကင်မရာ တွေကိုစစ်ဆေးပြီး သံသယရှိသူကို ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။

ရဲတပ်ဖွဲ့ကို သတင်းပေးခဲ့တဲ့ မြန်မာနိုင်ငံသားဟာ ဇန်နဝါရီလ ၂၁ ရက်နေ့က အဲဒီအဆောက် အဦးကို ပြန်လာခဲ့တာဖြစ်ပြီး သူပြန်ရောက်ချိန်မှာ အဆောက်အဦးပိုင်ရှင်က သော့ဖျက်ပြီး ဝင်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံသား လေဦးဟာ သူတို့ရဲ့ ခရီးဆောင်အိတ်တွေကိုယူဖို့ အဆောက်အဦးဆီပြန်လာခဲ့ ကြတာလို့ ရဲတပ်ဖွဲ့ကဆိုထားပြီး အဲဒီအချိန်မှာ သံသယဖြစ်စရာ အခြေအနေတွေ့ရှိခဲ့တာဖြစ် တယ်လို့ သိရပါတယ်။

ဘန်ကောက်ရဲတပ်ဖွဲ့ လက်ထောက်ရဲမှူးကြီးက အိန္ဒိယအလုပ်ပွဲစားတစ်ဦးဟာ အဲဒီအဆောက် အဦးကို ဇန်နဝါရီလ ၁၃ ရက်နေ့က ငှားရမ်းခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံသား ၅ ဦးဟာ အဲဒီ အဆောက်အအဦးမှာ အလုပ်ရဖို့ စောင့်ဆိုင်းနေကြတာဖြစ်တယ်လို့ ပြောပါတယ်။ 

ဒါ့အပြင် အခင်းဖြစ်ပွားရာနေရာမှာ ရုန်းရင်းဆန်ခတ်ဖြစ်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး အိန္ဒိယ နိုင်ငံသားဟာ ဇန်နဝါရီလ ၂၁ ရက်နေ့ ည ၈ နာရီ ၅၀က ချန်နိုင်းမြို့ကို ထွက်ခွာသွားပြီဖြစ်တယ် လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.