မော်လမြိုင် ၊ ဇန်နဝါရီ ၈

မွန်ပြည်နယ်မှာ အာဏာသိမ်းသုံးနှစ်ပြည့်နီးပါးကာလအတွင်း အခြေခံပြည်သူတွေဟာ ဆေးကုသစရိတ်နဲ့ ဆေးဝါးဈေးနှုန်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် စပ်ဆေးတွေကိုသာ အဓိကအသုံး ပြုလာတာကြောင့် အချိန်မတိုင်ခင် အသက်သေဆုံးမှုတွေ ရှိလာတယ်လို့ ဆရာဝန်တွေက ပြောပါတယ်။

ဆေးဝါးပစ္စည်းတွေဟာ စစ်ကောင်စီရဲ့ တင်သွင်းခွင့် ကန့်သတ်ချက်တွေကြောင့် ဈေးကွက်အတွင်း ပြတ်လပ်တာ၊ မြန်မာငွေတန်ဖိုးကျဆင်းပြီး ဒေါ်လာဈေးနှုန်း မြင့်တက်လာတာအပြင် လက်ကျန်ပစ္စည်းနည်းပါးတဲ့အတွက် ဈေးနှုန်းအဆမတန် မြင့်တက်လာတာပါ။

ဆေးဝါးဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတာကြောင့် အခြေခံပြည်သူတွေဟာ ကျန်းမာရေးလိုအပ်ချက်တစ်ခုခု ဖြစ်ပေါ်လာပါက အရင်လိုဆေးရုံ၊ ဆေးခန်းတွေကို သွားရောက်ပြသလို့ မနိုင်တော့ဘဲ နီးစပ်ရာဆေးဆိုင်တွေမှာ စပ်ဆေးတွေကို ဝယ်ယူသောက်သုံးမှု များပြားလာတာ ဖြစ်ပါတယ်။

ဆရာဝန်တစ်ဦးကတော့ စပ်ဆေးအသုံးပြုမှုများလာတာကြောင့် အစာအိမ်ထိခိုက်တာ၊ သွေးအန်တာတွေ ဖြစ်လာနိုင်သလို ရေရှည်အနေနဲ့ ကျောက်ကပ်ပျက်စီးတာ၊ အာရုံကြောထိခိုက်တာတွေအပြင် ရောဂါများပြားကာ လူသက်တမ်းတိုလာနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စပ်ဆေးအန္တရာယ်ကတော့ သူက ၂မျိုးပေါ့။ ရေတိုအနေနဲ့ဆိုရင် သူကအစာအိမ်ကို ဆိုးဆိုးရွားရွားထိတယ်။ တချို့သွေးအန်တဲ့အထိ ဖြစ်တတ်တယ်။ နောက်ပြီးတော့ ပိုးသတ်ဆေးတွေ ယဉ်သွားတယ်၊ တကယ်ရောဂါကြီးကြီးမားမား ဖြစ်တဲ့အခါမှာ ဆေးမတိုးတာမျိုး ဖြစ်လာနိုင်တယ်။ ပုံမှန်ကုလို့ ကုန်ရမှာထက်ကို နှစ်ဆသုံးဆလောက်ထိ ပိုကုန်ကျတာတို့၊ ကုလို့မရလောက်တဲ့အထိ ဖြစ်လာနိုင်တယ်ပေါ့။၊ ရေရှည်အနေနဲ့ကတော့ စပ်ဆေးမှာပါတဲ့ အကိုက်အခဲဆေးတချို့က ကျောက်ကပ်ပျက်စီးတယ်။ အာရုံကြောကို ပျက်စီးစေတယ်။ အစာအိမ် နံရံပါးပြီးတော့ ရေရှည်မှာ တခြားဆေးတွေ သောက်ရခက်တာမျိုး ဖြစ်လာနိုင်တယ်။ တကယ်အမှန်အကန် ရောဂါဖြစ်လို့ရှိရင် ကုလိုမရနိုင်ဘူး။ ကုရခက်တယ်ပေါ့။ ကုလို့မရတဲ့ထိအောင် ဖြစ်သွားနိုင်တယ်။ လက်တလောတော့ စပ်ဆေးနဲ့ အဆင်ပြေသွားလိမ့်မယ်။ ရေရှည်မှာတော့ လူနာတွေလည်း ဆေးကုရတာ ပိုခက်လာမယ်။ ရောဂါတွေ ပိုပြီးကြီးမားလာမယ်၊ သက်တမ်းတွေလည်း တိုလာလိမ့်မယ်”လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ဆေးရုံဆေးခန်းတွေဟာ စစ်ကောင်စီရဲ့ အခွန်ဈေးနှုန်း တိုးမြှင့်ကောက်ခံလာတာ၊ ဆေးဈေးနှုန်း အဆမတန် မြင့်တက်လာတာတွေတဲ့အတွက် ဆေးကုသစရိတ် ပိုမိုကောက်ခံလာတာကြောင့် အခြေခံပြည်သူ အများစုဟာ အရင်လိုဆေးရုံ၊ ဆေးခန်းတွေကို လက်လှမ်းမမီတော့တဲ့အ တွက် စပ်ဆေးအသုံးပြုမှု သိသိသာသာ မြင့်တက်လာတယ်လို့ သူက ဆက်ပြောပါတယ်။

ဒေသခံတစ်ဦးကတော့ အခြေခံပြည်သူတွေဟာ စီးပွားရေးချွတ်ခြုံကျတာထက် ကျန်းမာရေး ချွတ် ခြုံကျမှု ပိုများလာတာကြောင့် အရင်လိုဆေးကုသမှု မခံယူနိုင်တော့ဘဲ စပ်ဆေးတွေနဲ့သာ ကုသနေရတယ်လို့ ပြောပါတယ်။

“အခုဆိုရင် ရာသီဥတုတွေက ဖောက်ပြန်တယ်။ စီးပွားရေး ချွတ်ခြုံကျတာထက်ကို ကျန်းမာရေး ချွတ်ခြုံကျတာက ပိုများလာတယ်။ ရှေ့မှာပိုပြီး အတိဒုက္ခရောက်ကြမှာပေါ့။ ပိုက်ဆံမရှိတဲ့သူက မကုနိုင်တော့ဘူး။ ဆေးမြီးတိုလောက်နဲ့ပဲ သွားမှာပေါ့။ ဆေးဆိုင်မှာ စပ်တယ်။ ကွမ်းယာဆိုင်မှာ စပ်တယ်။ စပ်ဆေးလောက်နဲ့ နှစ်ပါးသွားနေတဲ့ သူတွေကတော့ အတိဒုက္ခပိုရောက်မှာပေါ့။ အဓိကတော့ ဆင်းရဲသားပြည်သူလူထုကတော့ အရမ်းကိုအတိဒုက္ခရောက်မှာပေါ့။ အလွန်အကျူးကိုရောက်မှာ။ အခုတောင် ရောက်နေကြတာပဲ။ နှာစေး၊ ချောင်းဆိုးအဆင့်လောက်တောင်မှ တချို့တွေက ဆေးမဝယ်နိုင်ဘူး” လို့ ဆိုပါတယ်။

ဒါ့အပြင် အခြေခံပြည်သူတွေဟာ ရောဂါအတွက် ပုံမှန်သောက်နေကြဆေးတွေကိုတောင် လက် လှမ်းမီဖို့ သိသိသာသာ ခက်ခဲလာသလို နာတာရှည်ရောဂါ ခံစားနေသူတွေအတွက် ပြန်လည်ကောင်းမွန်လာဖို့ထက် သေဆုံးဖို့က ပိုများလာတယ်လို့ သူကဆက်ပြောပါတယ်။

အခြေခံပြည်သူတွေဟာ ဆေးဝါးတွေကို လက်လှမ်းမီဖို့ ခက်ခဲလာတဲ့အတွက် တရားမဝင် စပ်ဆေးတွေကို အသုံးပြုမှုများလာတာကြောင့် အခုနောက်ပိုင်း ရောဂါပြင်းထန်မှုတွေများပြီး မသေဆုံးသင့်ဘဲ သေဆုံးမှုတွေ ရှိလာတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ စပ်ဆေးရောင်းချမှုတွေကို ပြီးခဲ့တဲ့ အစိုးရလက်ထက်တွေက ဖော်ထုတ်အရေးယူတာတွေ လုပ်ဆောင်ခဲ့ပေမယ့် စစ်ကောင်စီလက်ထက်မှာတော့ တစ်စုံတစ်ရာ အရေးယူတာတွေ မရှိသလောက်နည်းပါး နေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.