ရွှေကျင်၊ ဇန်နဝါရီ ၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၃) အုပ်ချုပ်နယ်မြေ ရွှေကျင်မြို့နယ်ထဲ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်တွေအပါအဝင် အရပ်သား ၄ ဦး သေဆုံးပြီး ၁၆ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်ကောင်စီရဲ့ ညောင်လေးပင်အခြေစိုက်တပ် ခမရ (၂၀) နဲ့ ပိန်းဇလုပ်အခြေစိုက်တပ် ခလရ(၂၆၄)တို့ကနေ ရွှေကျင်မြို့နယ် ကောက်မယ့်သူကျေးရွာနဲ့ ရေဖြူကန်ကျေးရွာထဲကို တိုက်ပွဲမရှိဘဲ လက်နက်ကြီး ၁၀ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က နောက်ဆုံးပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ရေဖြူကန်ကျေးရွာရှိ အသုဘ ပြုလုပ်နေတဲ့ နေအိမ်အပေါ် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၁၄ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သား ၄ ဦး ထိမှန်သေဆုံးခဲ့ပါတယ်။

ဒါ့အပြင် အသက် ၅ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် အရပ်သားပြည်သူ ၁၆ ဦးလည်း လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာအသီးသီးရရှိခဲ့တယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီနေ့ ညနေပိုင်းမှာလည်း ရွှေကျင်မြို့နယ် ပုဇွန်မြောင်းကျေးရွာမှာ အခြေချတပ်စွဲထားတ့ စစ်ကောင်စီတပ်ဟာ ညောင်ပင်ကြီးရွာဟောင်းထဲကို ဒရုန်းနဲ့ ဗုံးသီး ၆ လုံး ပစ်ခတ်ခဲ့တယ်လို့ KNU က ဆိုပါတယ်။

ရွှေကျင်ဒေသခံတွေရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဟာ အခုနှစ်ဆန်းပိုင်းကစပြီး အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေထဲကို လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု ပိုမိုပြုလုပ်ထာတယ်လို့ သိရပါတယ်။

KNU အုပ်ချုပ်နယ်မြေတွေမှာ အာဏာသိမ်းကာလအတွင်း တိုက်ပွဲတွေအပြင် စစ်ကောင်စီတပ်ရဲ့ လက် နက်ကြီး ပစ်ခတ်မှုတွေကြောင့် ပြည်သူလူထု ၈ သိန်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.