ဘီးလင်း၊ ဇန်နဝါရီ ၇

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ အလူးလေးကျေးရွာထဲမှာ ဒီနေ့ ဇန်နဝါရီ ၆ ရက်နေ့ မနက် ၉ နာရီအချိန်ခန့်က စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ မြေပြင်သတင်းအရင်းအမြစ်တွေကနေ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းအတွက် ကင်းပုန်းဝပ်ဖို့လာတဲ့ တပ်အင်အား ၃၀ ကျော်ပါ စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့တွေက သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲ အချိန်နာရီဝက်နီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီ ဘက်က တပ်ပြန်ဆုတ်သွားတယ်လို့ မြေပြင်သတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရှိရပါတယ်။

တိုက်ပွဲအတွင်း အလူးလေးကျေးရွာ အထပ်သားစက်ရုံအဆောင်မှာနေထိုင်တဲ့ အလုပ်သားတွေဖြစ်တဲ့ ကိုဇေယျာမင်းနဲ့ မနီနီအေးတို့ ၂ ဦးဟာ ဦးခေါင်းနဲ့လက်မောင်းတွေမှာ ကျည်ရှပ်ထိမှန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်သေဆုံးမှု အခြေအနေမသိရဘူးလို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

အဲဒီတိုက်ပွဲကြောင့် ရန်ကုန်-မော်လမြိုင်ကားလမ်း အချိန် ၂ နာရီနီးပါးကြာ လမ်းပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီး နေ့လည်ပိုင်းလောက်မှာ ပုံမှန်အတိုင်း ပြန်လည်သွားလာနေကြပြီလို့ သိရပါတယ်။

နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံး KNU အပြင် စစ်ကောင်စီဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း အလူးလေးကျေးရွာအနီးမှာ စစ်ကောင်စီ ယာဉ်တန်းမိုင်းဆွဲတိုက်ခိုက်ခံ ရပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရရှိထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.