ဆိုးလ်၊ ဇန်နဝါရီ ၇
မြောက်ကိုရီးယားနိုင်ငံဟာ သူတို့ရဲ့ အနောက်ဘက်ကမ်းရိုးတန်းအလွန် တောင်ကိုရီးယားရဲ့ ယွန်ဖျောင်ကျွန်းကို ဇန်နဝါရီလ ၅ ရက်နေ့က လက်နက်ကြီးတွေနဲ့ အကြိမ် ၂၀၀ နီးပါး ပစ်ခတ်ခဲ့တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။
အဲဒီကျွန်းပေါ်မှာနေထိုင်တဲ့ အရပ်သားတွေအနေနဲ့ အကာအကွယ်ယူထားဖို့ တောင်ကိုရီးယားက ညွှန်ကြားထားပြီး လက်တွေ့ပစ်ခတ်တဲ့ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်ပြီး တုံ့ပြန်ခဲ့ပါတယ်။
ယွန်ဖျောင်ကျွန်းမှာ စစ်ဘက်အခြေစိုက်စခန်းတစ်ခုရှိပြီး လူ ၂၀၀ လောက်ရှိကာ မြောက်ကိုရီးယားရဲ့ အနောက်ဖက် ကမ်းရိုးတန်းကနေ မိုင်အနည်းငယ်ဝေးတဲ့နေရာဖြစ်သလို ၂၀၁၀ ခုနှစ်ကလည်း မြောက်ကိုရီးယား ပစ်လိုက်တဲ့ လက်နက်ကြီး ကျည်တွေကြောင့် ကျွန်းပေါ်မှာ စစ်သား ၂ ဦးနဲ့ အရပ်သား ၂ ဦးသေဆုံးခဲ့ရတာပါ။
ပြီးခဲ့တဲ့ ဇန်နဝါရီလ ၅ ရက်နေ့ ညနေပိုင်းမှာ ရေပြင်နယ်စပ်ရဲ့ တောင်ဘက်ဆီကို လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ဖို့ နယ်စပ်ကျွန်းနှစ်ကျွန်းပေါ်မှာရှိတဲ့ မရိန်းတပ်ဖွဲ့ကို ညွှန်ကြားထားတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာက ပြောပါတယ်။
မြောက်ကိုရီးယားရဲ့ လုပ်ရပ်ဟာရန်စတာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောထားသလို မြောက်ပိုင်းကတော့ သူတို့ရဲ့ လက်နက်ကြီး ကျည်တွေဟာ တောင်ကိုရီးယားနိုင်ငံပိုင်နက်ထဲကို ကျရောက်တာ မရှိဘဲ နှစ်နိုင်ငံကြားခံဇုန်ထဲကို ကျခဲ့တာဖြစ်တဲ့အတွက် အန္တရာယ်မရှိဘူးလို့ တုံ့ပြန်ထားပါတယ်။
တောင်ကိုရီးယား စစ်ဦးစီချုပ်ရုံးက မြောက်ကိုရီးယားရဲ့ ပစ်ခတ်မှုတွေကြောင့် အရပ်ဘက် စစ်ဘက် ထိခိုက်ဒဏ်ရာရရှိမှု ဒါမှမဟုတ် ပျက်စီးမှုတွေ မဖြစ်ခဲ့ပေမယ့် ဒီလုပ်ရပ်ဟာ ကိုရီးယားကျွန်းဆွယ်ရဲ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်တဲ့ လုပ်ရပ်ဖြစ်သလို တင်းမာမှုမြင့်တက်စေနိုင်တဲ့ လုပ်ရပ်တွေဖြစ်တယ်လို့ ပြောထားပါတယ်။
မြောက်ကိုရီးယားက လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေချိန်မှာ အနီးအနားကျွန်းတွေဖြစ်တဲ့ ဘေယန်ယောင်နဲ့ ဒေချီယွန်ကျွန်းပေါ်က ဒေသခံတွေ အကာအကွယ်အောက်မှာ နေထိုင်ခဲ့ရပါတယ်။
ကိုရီးယားကျွန်းဆွယ်ရဲ့ စစ်ရေးကင်းမဲ့ဇုန်မှာ တင်းမာမှုတွေ မကြုံစဖူး မြင့်တက်လာနေပြီး တောင်ကိုရီးယားက လက်နက်ကြီးတွေနဲ့ အချက် ၄၀၀ လောက်ပစ်ခတ်ခဲ့တယ်လို့ ပြည်တွင်းမီဒီယာတွေကို ကိုးကားပြီး အေပီသတင်းမှာ ဖော်ပြထားပါတယ်။
Ref:Reuters