ဖာပွန်၊ ဇန်နဝါရီ ၆

ကရင်အမျိုးသားအစည်းအရုံး KNU ဖာပွန်ခရိုင်ထဲမှာ KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တစ်နှစ်တာအတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူး၊ တပ်ခွဲမှူး၊ ဒုခွဲမှူးတွေအပါအဝင် ၈၀၀ ကျော် သေဆုံးခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ သတင်းထုတ်ပြန်ထားချက်အရ သိရပါတယ်။

KNU ဖာပွန်ခရိုင်မှာ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့ကနေ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ တစ်နှစ်တာအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ နဲ့ စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပေါင်း ၁၈၇၅ ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ၈၆၉ ဦး သေဆုံးပြီး ၆၀၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်ဘက်က သေဆုံးသွားတဲ့သူတွေထဲမှာ တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး ၃ ဦး၊ ဒုခွဲမှူး ၃ ဦး၊ တပ်ကြပ်ကြီး ၅ ဦး၊ တပ်ကြပ် ၃ ဦးပါဝင်ပြီး ထိခိုက်ဒဏ်ရာရရှိမှုစာရင်းထဲမှာတော့ တပ်ခွဲမှူး ၃ ဦး၊ ဗိုလ်တစ်ဦး၊ တပ်ကြပ်ကြီး ၂ ဦးနဲ့ ဒုတပ်ကြပ်တစ်ဦး ပါဝင်ခဲ့တယ်လို့ တပ်မဟာ ၅ က အသိပေးထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ စစ်စခန်းအဆောက်အဦး ၃၁ လုံးကို ဖျက်ဆီးနိုင်ခဲ့ပြီး စစ်မော်တော် ယာဉ် ၁၃ စီးကိုလည်း မီးရှို့ဖျက်ဆီးနိုင်ခဲ့သလို မြင်းလား ၁၁၄ ကောင်ကို သုတ်သင်သတ်ဖြတ်နိုင်ခဲ့ပြီး ၆ ကောင် အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

တစ်နှစ်တာအတွင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၅ က စစ်ကောင်စီတပ်ရဲ့ အချက်အချာကျတဲ့ တပ်စခန်းတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူနိုင်ခဲ့ပြီး စခန်း ၂ ခုကို စစ်ကောင်စီတပ်က စွန့်ခွာထွက်ပြေးသွားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

KNLA တပ်မဟာ ၅ ဘက်က ၄၅ ဦး ကျဆုံးခဲ့ပြီး ၁၈၃ ဦး ဒဏ်ရာရရှိခဲ့သလို စစ်ကောင်စီတပ်သား ၃၀ ဦး လက်နက်ချ အလင်းဝင်ခဲ့တယ်လို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

စစ်ကောင်စီတပ်ဟာ လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်မှုတွေ စဉ်ဆက်မပြတ် လုပ်ဆောင်နေခဲ့တဲ့အတွက် တစ်နှစ်တာအတွင်း ဖာပွန်ခရိုင်ထဲမှာ အရပ်သားပြည်သူ ၃၀ ဦး သေဆုံးပြီး ၄၇ ဦး ထိ ခိုက်ဒဏ်ရာရရှိသွားသလို နေအိမ်နဲ့အဆောက်ဦး ရာနဲ့ချီပျက်စီးခဲ့တာပါ။

ဒါ့အပြင် ဒေသနေပြည်သူတွေပိုင်ဆိုင်တဲ့ ငွေကြေး၊ ဖုန်းစတာတွေကိုလည်း စစ်ကောင်စီတပ်က လုယက်ယူဆောင်သွားခဲ့တယ်လို့ ထုတ်ပြန်ချက်ကနေ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.