လောက်ကိုင် ၊ ဇန်နဝါရီ ၅

ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးဌာနချုပ်ဖြစ်တဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် – လောက်ကိုင် (ဒကစ) ဟာ ဇန်နဝါရီ ၄ ရက်နေ့မှာ MNDAA ထံ လက်နက်ချပြီး လားရှိုးကို ပြန်ဆုတ်ခဲ့ကြတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေက ဆိုကြပါတယ်။

လူမှုကွန်ရက်တွေမှာ ပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်အရ လောက်ကိုင် (ဒကစ) ဌာနချုပ်ရှိ ဌာနဆိုင်ရာဝန်ထမ်းတွေ မိသားစုတွေအပါဝင် ပြည်သူ့စစ်အဖွဲ့တွေ ရဲတပ်ဖွဲ့ဝင်တွေ စစ်ကူပို့ထားတဲ့ တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ ရာနဲ့ချီ လက်နက်ချခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် လက်နက်ချခဲ့ကြတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေဟာ အထုပ်အပိုးတွေနဲ့ ကုန်ကားပေါ်တက်ဖို့ ပြင်ဆင်နေကြပြီး လားရှိုးမြို့ကို ပြန်ပို့ပေးဖို့ စီစဉ်ထားတယ်လို့ ဒေသတွင်း သတင်းဌာနတချို့က ဖော်ပြကြပါတယ်။

MNDAA အနေနဲ့ ၁၀၂၇ စစ်ဆင်ရေး ၂ လကျော်အတွင်း ကိုးကန့်ဒေသတစ်ခုလုံးနီးပါး သိမ်းပိုက်ထားနိုင်ခဲ့ပြီး လောက်ကိုင်မြို့ပတ်ပတ်လည်ရှိ တပ်စခန်းအတော်များများကို ထိန်းချုပ်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း ဒီဇင်ဘာနှောင်းပိုင်းကစပြီး လောက်ကိုင်မြို့ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်ကို MNDAA က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီ ၄ ရက်နေ့မှာတေ့ာ နှစ်ဘက်ညှိနှိုင်းမှုနဲ့ စစ်ကောင်စီဘက်က လက်နက်ချခဲ့တာကြောင့် လောက်ကိုင်မြို့ကို သိမ်းပိုက်နိုင်ခဲ့တာပါ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) အောက်ရှိ လောက်ကိုင် (ဒကစ) ဌာနချုပ်မှာ ခြေလျင်/ခြေမြန်တပ်ရင်း ၇ ရင်းအထိ ရှိပြီး အဲဒီထဲက ခလရ ၁၂၅ နဲ့ ခမရ ၁၂၉ တို့ဟာ တပ်ရင်းတစ်ခုလုံး လက်နက်ချခဲ့ကြတဲ့ တပ်ဖြစ်ပြီး ခလရ ၂၃၉ ကတော့ ဇန်နဝါရီ ၄ ရက်နေ့မှာ ‌လောက်ကိုင် (ဒကစ) နဲ့အတူ လက်နက်ချခဲ့တာပါ။

ကျန်ရှိတဲ့ တပ်ရင်းတွေကတော့ MNDAA တပ်ဖွဲ့ဝင်တွေရဲ့ တိုက်ခိုက်သိမ်းပိုက်ခြင်း ခံထားရပြီး လောက်ကိုင်မြို့နဲ့ ၁၀ မိုင်ကျော်လောက်ဝေးတဲ့ နန့်ထန့်မိန်တောင်ပေါ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကတော့ ရွှေ့ပြောင်းဖို့ အချိန် ၃ ရက်ပေးထားတယ်လို့ ‌ရွှေဖီမြေ သတင်းဌာနက ဖော်ပြပါတယ်။

သံလွင်တိုင်းမ်အနေနဲ့ လောက်ကိုင် (ဒကစ) ဌာနချုပ် လက်နက်ချတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကိုးကန့်အဖွဲ့ MNDAA ပြောခွင့်ရ လီကျားဝင်းထံ ဆက်သွယ်မေးမြန်းပေမယ့် အကြောင်းပြန်ခြင်း မရှိသေးပါဘူး။

MNDAA ဘက်ကလည်း လောက်ကိုင် (ဒကစ) ဖြစ်စဉ်နဲ့ပတ်သက်ပြီး လတ်တလောအထိ သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ၁၀၂၇ စစ်ဆင်ရေးကို ဦးဆောင်နေတဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့ကနေလည်း သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။

ဒါပေမယ့် ကိုးကန့်ဒေသအတွင်း ရန်သူရဲ့ လောက်ကိုင် (ဒကစ) ကို အပြီးသတ်သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ဇန်နဝါရီ ၄ ရက်နေ့ ည ၁၁ နာရီကျော်မှာ အသိပေးထုတ်ပြန်ပါတယ်။

စစ်ကောင်စီကတော့ လောက်ကိုင်မြို့ ရှိ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် MNDAA ထံ လက်နက်ချတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပါဘူး။

တစ်ဖက်မှာတော့ တရုတ်အကူအညီယူပြီး လာမယ့်ရက်ပိုင်းအတွင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးညှိနှိုင်းကော်မတီ (NSPNC) နဲ့ ညီနောင်မဟာမိတ်သုံးဖွဲ့တို့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ထပ်မံဆွေးနွေးဖို့ ရှိနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။

ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက ကိုးကန့်အဖွဲ့ MNDAA နဲ့ တအာင်းအဖွဲ့ TNLA တို့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းမြောက်ရှိ ၁၃ မြို့ထက်မနည်း ထိန်းချုပ်ထားနိုင်သလို တပ်စခန်းပေါင်း ရာချီကိုလည်း စစ်လက်နက်ပစ္စည်းများစွာနဲ့အတူ သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.