နေပြည်တော် ၊ ဇန်နဝါရီ ၅

စစ်ရေးအထိနာနေတဲ့ စစ်ကောင်စီက ရည်မှန်းထားတဲ့ ရွေး‌ကောက်ပွဲကျင်းပနိုင်ရေး ၂၀၂၄ ခုနှစ်မှာ ပြည်လုံး ကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်က ပြောပါ တယ်။

ဇန်နဝါရီ ၄ ရက်နေ့မှာ ကျရောက်တဲ့ ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားအတွက် ပေးပို့တဲ့ စစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောဆိုခဲ့တာပါ။

စစ်ကောင်စီရဲ့ အန္တိမရည်မှန်းချက်မှာ လွတ်လပ်ပြီး တရားမျှတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေ‌ရွေးကောက်ပွဲ ကျင်းပနိုင်ရေးပင်ဖြစ်တဲ့အတွက် ပြည်တွင်းပြည်ပက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတွေ စာရင်းမှန်ကန်မှုရှိစေဖို့ ဆန္ဒမဲ ပေးခွင့်ရှိသူအားလုံး ဆန္ဒမဲပေးနိုင်ဖို့ တစ်နိုင်ငံလုံး ရာနှုန်းပြည့် ဆန္ဒမဲပေးနိုင်ရေး ကြိုတင်ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။

မဲဆန္ဒရှင်စာရင်းတွေ အောင်မြင်စွာ ကောက်ယူနိုင်ရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးမှာ လိုအပ်တဲ့ အချက်အလက် တွေရရှိစေဖို့ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူဖို့ လိုအပ်တယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါကြောင့် ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့ကစတင်ကာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ ခဲ့ပြီး ၂၀၂၄ ခုနှစ်မှာ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကောက်ယူနိုင်ဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ပြော ဆိုခဲ့တာပါ။

အဲဒီအပေါ် မူတည်ပြီး ခိုင်မာမှန်ကန်တဲ့ မဲစာရင်းတွေ ရရှိလာရင် ဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေ ထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးနဲ့ တစ်နိုင်ငံလုံးအကြားအလပ်မရှိ ဆန္ဒမဲပေးပိုင်ခွင့် ရရှိစေဖို့ ကြိုးပမ်းသွား ကြရမယ်လို့ ဆိုပါတယ်။

စည်းစနစ်ကျနမှုရှိတဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေဖို့နဲ့ အဲဒီရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရကို နိုင်ငံတော် တာဝန်တွေ လွှဲအပ်နိုင်ရေး ဆက်လက်လုပ်ဆောင်သွားမယ်လို့ စစ်ခေါင်းဆောင်ရဲ့ ပြောဆိုချက်ကို သဝဏ်လွှာမှာ ဖော်ပြပါတယ်။

တစ်နိုင်ငံလုံးအနှံ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်သူတွေရဲ့ တော်လှန်မှုကြောင့် စစ်ရေးအရ အထိနာနေတဲ့ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲလုပ်ပြီး အနိုင်ရသူကို အာဏာပြန်လွှဲမယ်ဆိုတဲ့ ပြောဆိုမှုဟာ အာဏာသိမ်းစ ကာလကတည်းက ဖြစ်ပါတယ်။

ဒါပေမယ့် ရွေးကောက်ပွဲလုပ်မယ့် နေ့ရက်ကိုတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပေး ပြောဆိုခဲ့တာ မရှိဘဲ ရှေ့လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီးရင် ရွေးကောက်ပွဲကျင်းပမယ်လို့သာ အကြောင်းပြလာခဲ့တာပါ။

အာဏာသိမ်းမှု သုံးနှစ်ပြည့်လုချိန်မှာ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးပူးပေါင်းအဖွဲ့တွေရဲ့ ထိုး စစ်ကြောင့် ယိုင်နဲ့လာနေတဲ့ စစ်ကောင်စီအနေနဲ့ စစ်ရေးဆိုင်ရာကိစ္စရပ်တွေကိုတော့ သဝဏ်လွှာမှာ ထည့် သွင်းပြောဆိုခြင်း မရှိခဲ့ပါဘူး။

တိုးယူထားတဲ့ အရေးပေါ်သက်တမ်းကလည်း ဇန်နဝါရီ ၃၁ ရက်နေ့မှာ ကုန်ဆုံးတော့မှာဖြစ်ပြီး အဲဒီနေ့မှာ ခေါ် ယူမယ့် ကာလုံအစည်းအဝေးကနေ ရှေ့လုပ်ငန်းစဉ်တွေ ဆက်လုပ်နိုင်ဖို့ စစ်ကောင်စီအနေနဲ့ နောက်ထပ် ၆ လ အာဏာဆက်ယူသွားမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်ကြပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CNDCS

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.