မော်စကို၊ ဇန်နဝါရီ ၆

ရုရှားစစ်တပ်ထဲ ဝင်ရောက်အမှုထမ်းတဲ့ နိုင်ငံခြားသားတွေအနေနဲ့ နိုင်ငံသားဖြစ်ခွင့်လျှောက်ထား နိုင်တယ်လို့ ဇန်နဝါရီ ၄ ရက်နေ့မှာ သမ္မတ ပူတင်က လက်မှတ်ရေးထိုးပြီး အမိန့်ထုတ်ပြန်လိုက်ပါ တယ်။

ရုရှားအာဏာပိုင်တွေဟာ ပြည်တွင်းမှာ တပ်သားသစ်စုဆောင်းမှု ဆန့်ကျင်ရေး လှုံ့ဆော်မှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် ပြည်ပတိုက်ခိုက်ရေးသမားတွေကို နိုင်ငံသားဖြစ်ခွင့်နဲ့ မက်လုံးပေးခဲ့ တာပါ။

သမ္မတ ပူတင်လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်အသစ်အရ ရုရှားစစ်တပ်ထဲ ဝင်ရောက်အမှုထမ်း တဲ့ နိုင်ငံခြားသားတွေအပြင် သူတို့ရဲ့ သားသမီးတွေနဲ့  ဆွေမျိုးတွေပါ နိုင်ငံသားဖြစ်ခွင့်လျှောက် ထားနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

ရုရှားမှာ ဒုတိယအကြိမ်တပ်သားသစ် စုဆောင်းဖို့ လိုအပ်မှာ မဟုတ်ဘူးလို့ ပူတင်က ဆိုထားပြီး ပထမအကြိမ် တပ်သားသစ် မစုဆောင်းခင်ကလည်း အခုလိုပြောခဲ့ပါသေးတယ်။

ဗြိတိန်ကာကွယ်ရေးဝန်ကြီးဌာနကတော့ ရုရှားရဲ့ မတ်လ ၁၇ ရက်နေ့မှာ ကျင်းပမယ့် သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် နောက်ထပ် တပ်သားသစ် မစုဆောင်းဘဲ နိုင်ငံခြားသားတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို တပ်သားသစ်အဖြစ်ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ ဆိုပါတယ်။

နိုင်ငံသားဖြစ်ခွင့်ကြေညာချက်ကို အင်တာနက်စာမျက်နှာတွေမှာ ဖော်ပြထားပြီး အာမေးနီးယားနဲ့ ကာဇက်စတန် နိုင်ငံသားတွေကို ပစ်မှတ်ထားခေါ်ယူဖို့ ကြိုးစားနေသလို အာရှက ရွှေ့ပြောင်းနေ ထိုင်သူ ၆ သန်းလောက်ကိုပါ ရုရှားက တပ်သားအဖြစ် ခေါ်ယူနိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါ တယ်။

တိုက်ပွဲမှာ ထိခိုက်သေဆုံးမှုတွေရှိထားတဲ့ နီပေါနိုင်ငံသားတွေကို တပ်သားသစ်အဖြစ် ခေါ်ယူတာတွေ ရပ်တန့်ဖို့ နီပေါအစိုးရက ရုရှားကိုတောင်းဆိုထားပါတယ်။

ရုရှားဟာ မကြာခင်ကျင်းပမယ့် ရွေးကောက်ပွဲအပြီးမှာ ကြီးကြီးမားမား တပ်သားစုဆောင်းမှုတွေ လုပ်လာနိုင်ဖွယ်ရှိတယ်လို့ ယူကရိန်း စစ်ဘက်ဆိုင်ရာ အရာရှိတွေက ခန့်မှန်းထားပါတယ်။

 Ref: RFE

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.