သံဖြူဇရပ်၊ ဇန်နဝါရီ ၄
မွန်ပြည်နယ် ရေးမြို့နယ် တောင်ပိုင်းဒေသမှာ စစ်ရေးလှုပ်ရှားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင် တစ်ဦးဟာ လက်နက်မဲ့နဲ့ အလင်းဝင်ရောက်လာတယ်လို့ စစ်ကောင်စီဘက်က ဝါဒဖြန့်ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF တပ်ဖွဲ့ဝင်ကို ဇန်နဝါရီ ၄ ရက်နေ့က အရှေ့တောင်တိုင်း စစ်ဌာနချုပ် သံဖြူဇရပ်တပ်နယ်က တာဝန်ရှိသူတွေထံ ဂုဏ်ပြုအခမ်းအနားနဲ့ လွှဲပြောင်းပေးအပ်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကောင်စီထံ အလင်းဝင်တယ်ဆိုတဲ့ MSRF တပ်ဖွဲ့ဝင်ဟောင်း ဦးမျိုးသွေး (ခေါ်)နိုင်ဆီဂကူဟာ ရဲဘော်အ ချင်းချင်းအပေါ် အရက်မူးပြီး ကိုယ်ထိလက်ရောက်မှုကျုးလွန်တာ၊ ပြည်သူတွေအပေါ် လက်နက်ပြ ခြိမ်းခြောက် မှုတွေကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက အဖွဲ့ကနေ ထုတ်ပယ်ထားတယ်လို့ MSRF ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မွန်ပြည်သစ်ပါတီတပ်ဖွဲ့ဝင်ဟောင်းလည်းဖြစ်တဲ့ နိုင်ဆီဂကူဟာ ရာထူးမှထုတ်ပယ်ခံရပြီးနောက် စစ်ကောင်စီခန့် မွန်ပြည်နယ် စီးပွားရေးဝန်ကြီး နိုင်လယီတမရဲ့ သားဖြစ်သူနဲ့ ချိတ်ဆက်ပြီး စစ်ကောင်စီထံ အလင်းဝင်သွားတာ လို့ ဆိုပါတယ်။
မွန်ပြည်တော်လှန်ရေးတပ်ရဲ့ ပြောပြချက်အရ နိုင်ဆီဂကူဟာ စစ်ကောင်စီခန့်ဝန်ကြီးဖြစ်သူ နိုင်လယီတမ နဲ့လည်း ယောက်ဖတော်စပ်သလို မွန်ပြည်သစ်ပါတီမှာလည်း ဗိုလ်မှူးအဆင့်နဲ့ တာဝန်ထမ်းဆောင်စဉ် ပြစ်မှု ကျူးလွန်ဖူးတဲ့အတွက် ထောင်ချခံပြီးနောက် ရာထူးကနေ ထုတ်ပယ်ခံထားရတာလို့ သိရပါတယ်။
ထုတ်ပယ်ထားတဲ့ တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးကို အလင်းဝင်းတယ်လို့ စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်မှုဟာ နိုင်ငံရေးအမြတ်ထုတ်ချင်တာကြောင့် လုပ်ဆောင်တာဖြစ်တယ်လို့ နိုင်နဂါးက မှတ်ချက်ပြုပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ကတော့ နိုင်ဆီဂကူဟာ တပ်ဖွဲ့ဝင်အဖြစ်ကနေ ထုတ်ပယ်ထားပြီးဖြစ်တဲ့ အတွက် MSRF တပ်နဲ့ သက်ဆိုင်မှုမရှိကြောင်းနဲ့ နောက်ဆက်တွဲ လုပ်ရပ်တွေနဲ့ ပြဿနာတွေဟာ အဖွဲ့နဲ့ သက်ဆိုင်မှုမရှိဘူးလို့ ဇန်နဝါရီ ၄ ရက်နေ့မှာ ကြေညာချက် ထုတ်ပြန်ပါတယ်။
စစ်တပ်အာဏာသိမ်းမှုကို လက်မခံတာကြောင့် မွန်လူမျိုးကိုယ်စားပြုဖွဲ့စည်းထားတဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ စစ်ကောင်စီတပ်ကို မဟာမိတ်တော်လှန်းရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေသလို မွန် ပြည်ဖယ်ဒရယ်ကောင်စီ MSFC ရဲ့ တပ်ဖွဲ့တစ်ခုအဖြစ် ရပ်တည်နေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI