မော်လမြိုင်၊ ဇန်နဝါရီ ၅

နိုင်ငံအနှံ့ တော်လှန်ရေးအင်အားစုတွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေဟာ တောတောင်တွေအတွင်းသာ တိုက်ခိုက်နေတာမဟုတ်တော့ဘဲ မြို့ပြတွေအထိ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာတယ်လို့ စစ်ခေါင်းဆောင်က ဝန်ခံပြောဆိုခဲ့ပါတယ်။

၇၆ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကောင်စီတပ်ရဲ့ စွမ်းရည်သတ္တိဆိုင်ရာ ဂုဏ်ထူးဆောင်တံဆိပ်ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ့တပ်ဖွဲ့ ဝင်တွေကို သတိပေးခဲ့တာပါ။

စစ်ခေါင်းဆောင်က လက်ရှိဖြစ်ပွားနေတဲ့ တိုက်ပွဲတွေဟာ တောတောင်တွေအတွင်းသာ တိုက်ခိုက်ကြရတာ မဟုတ်တော့ဘဲ မြို့ပြတွေတွေအထိ ဆင်နွှဲလာကြတာကို တွေ့ရှိရတဲ့အတွက် ရှေ့တန်းနယ်မြေ ပိုမိုကျယ်ပြန့်လာတယ်လို့ ပြောပါတယ်။

ဒီအခြေအနေမှာ “ရဲသော်မသေ သေသော်ငရဲမလား”ဆိုတဲ့ ခံယူချက်ကို ရင်ဝယ်ပိုက်ပြီး တုံးတိုက် တိုက်၊ ကျား ကိုက်ကိုက်စိတ်မျိုးနဲ့ တိုက်ပွဲဝင်ခဲ့ကြသူတွေဟာ စစ်မှန်တဲ့ အာဇာနည်သူရဲကောင်းတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တပ်ရဲ့ အဓိကအမာခံ အရန်အင်အားတွေဖြစ်တဲ့ ရဲမေမိသားစုဝင်တွေဟာ အရေးကြုံပါက သက်လုံကောင်းစွာ မိသားစုဂုဏ်နဲ့တပ်မတော်ဂုဏ်ကို စောင့်ထိန်းသူတွေ ဖြစ်တာကြောင့် စစ်မှန်တဲ့မျိုးချစ်စိတ်ကို ဆက်လက်ထိန်းသိမ်းသွားကြဖို့ စစ်ခေါင်းဆောင် တိုက်တွန်းခဲ့တာပါ။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းသုံးနှစ်ပြည့်နီးပါးကာလအတွင်း နိုင်ငံအနှံ့ရှိ တော်လှန်ရေးအင်အား စုတွေရဲ့ ခုခံတိုက်ခိုက်မှုတွေကြောင့် မြို့ပေါင်း ၂၀ ထက်မနည်း လက်လွှတ်ဆုံးရှုံးထားရသလို တပ်စခန်းအကြီးအငယ် ၅၀၀ ကျော် သိမ်းပိုက်ခံထားရတာပါ။

ဇန်နဝါရီ ၄ ရက်နေ့ကလည်း ခံစစ်အတွက် လက်နက်ကြီးတွေနဲ့ အင်အားအမြောက်အများ ဖြည့် တင်းထားတဲ့ စစ်ကောင်စီတပ်ရဲ့ အကြီးဆုံးဌာနချုပ်ဖြစ်တဲ့ ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် – လောက်ကိုင် (ဒကစ) ဟာ ကိုးကန့် အဖွဲ့ MNDAA ထံ လက်နက်ချပြီး လားရှိုးကို ပြန်ဆုတ်ခဲ့ကြတယ်လို့ တပ်တွင်းသတင်းတွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကလည်း ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် သံဘိုကျေးရွာတိုက်ပွဲမှာ စစ်ကောင်စီတပ် ရဲ့ စစ်ကြောင်းမှူး ဒုတိယဗိုလ်မှူးကြီးသက်အောင်အား တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေက အရှင်ဖမ်းဆီးရမိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.