ဘေဂျင်း၊ဇန်နဝါရီ  ၆

စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေရဲ့ တိုက်ပွဲတွေကြောင့် တရုတ်နိုင်ငံထဲ လက်နက်ကြီးကျည် တွေ ကျရောက်ပြီး လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိပြီးနောက် တရုတ်အစိုးရက တိုက်ပွဲတွေရပ်တန့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး တရုတ်အစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ဆိုထားသလို မိမိတို့နိုင်ငံသားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့ လိုအပ်တာတွေအားလုံးလုပ်ဆောင်သွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဝန်ဝမ်ဘင်က ပြောခဲ့ပါတယ်။

တရုတ်အစိုးရအနေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးကို ပြင်းပြင်းထန်ထန် ကန့်ကွက်ထားကာ ပဋိပက္ခအတွင်း ပါဝင်နေတဲ့ အဖွဲ့အစည်းတွေအားလုံးတိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ရေး၊ တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်မှုကို အနှောင့်အယှက်ဖြစ်စေမယ့် ဆိုးရွားတဲ့ ဖြစ်ရပ်တွေကို ရှောင်ရှားရေး ခိုင်မာတဲ့ အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့လည်း တောင်းဆိုထားပါတယ်။

မြန်မာနိုင်ငံမြောက်ပိုင်းက ပစ်ခတ်လိုက်တဲ့လက်နက်ကြီး ကျည်တွေဟာ နယ်စပ်ကနေ ၁ ဒသမ ၆ မိုင်အကွာမှာရှိတဲ့ ယူနန်ပြည်နယ် နန်ဆန်မြို့ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃ ရက်နေ့က ကျရောက်ခဲ့တာပါ။

လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် လူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိထားသလို ဒေသခံတစ်ဦးရဲ့ ရုံးခန်းပြတင်းပေါက်တွေ ပျက်စီးသွားခဲ့ပြီး အနီးအနားက ဖုန်းဆိုင်တစ်ဆိုင်လည်း ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

ဖုန်းဆိုင်ရှေ့မှာ အက်ကွဲကြောင်းတစ်ခုကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရပြီး ပစ္စည်းပို့သမား တစ်ဦးနဲ့ ဒေသခံတစ်ဦး အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောခဲ့ပါတယ်။

ဒါ့အပြင် တခြားလူ ၃ ဦးကိုလည်း လူနာတင်ယာဉ်နဲ့ ဆေးရုံကို ခေါ်ဆောင်သွားတာ တွေ့ခဲ့ရတယ် လို့ သူက ပြောပါသေးတယ်။

လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်မေလကလည်း မြန်မာပြည်တွင်းတိုက်ပွဲတွေကြောင့် နန်ဆန်မြို့ကို လက်နက်ကြီး ကျည်ကျရောက်ပြီး လူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ဖူးပါသေးတယ်။

တရုတ်အစိုးရကတော့ တိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက် အဖွဲ့အစည်းအားလုံးကို အရင်ကလည်း တိုက်တွန်းခဲ့ဖူးပြီး ကြားဝင်ညှိနှိုင်းပေးခဲ့ပါသေးတယ်။

Ref:Yahoo news

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.