သံဖြူဇရပ်၊ ဇန်နဝါရီ ၄

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်ဆက်နွယ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ စစ်တပ်ဖမ်းဆီးထားတဲ့သူတွေအနက် အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေတွေနဲ့ အမှုဖွင့်ခံရသူ ၂၀ နီးပါး ရှိလာတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က သံဖြူဇရပ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဦးမြသန်း ဖမ်းဆီးခံရပြီးနောက် PDF တွေနဲ့ ပတ်သက်ဆက်နွယ်ဖူးတဲ့ ဒေသခံ ၆၀ နီးပါးကို အကြောင်းအမျိုးမျိုးပြပြီး အင်အားအလုံးအရင်း ပိတ်ဆို့ရှာဖွေ ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့တာပါ။

စစ်ကောင်စီတပ်က ဖမ်းဆီးထားတဲ့သူတွေထဲမှာ ဒေသခံ ၂၀ လောက်ကိုသာ ပြန်လွှတ်ပေးခဲ့ပေမယ့် ကျန်ဒေသခံ ၂၀ နီးပါးကိုတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေတွေနဲ့ ဆက်တိုက်အမှုဖွင့်ထားသလို နောက်ထပ် ဒေသခံ ၂၀ လောက်ဟာ စစ်ကြောရေးမှာ စစ်ဆေးခံနေရတာပါ။

ဖမ်းဆီးခံ မိသားစုနဲ့နီးစပ်သူတွေအဆိုအရ စစ်ကောင်စီ စစ်ကြောရေးကနေ ရဲတပ်ဖွဲထံ လွှဲပြောင်းခံရ သူတွေဟာ ရိုက်နက်ညှဉ်းပန်းနှိပ်စက်ခံရတာ၊ ငွေကျပ်သိန်းရာနဲ့ချီ ပေးဆောင်ရတာတွေ ရှိတယ်လို့ သံလွင်တိုင်းမ်က စုံစမ်းသိရှိရပါတယ်။

အကြမ်းဖက်ပုဒ်မတွေနဲ့ အမှုဖွင့်ခံရသူတွေမှာ သံဖြူဇရပ်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုဦးစီးမှူးဦးအောင်ကိုကို၊ ဒေသခံတွေဖြစ်တဲ့ ဦးသန်းဇော်၊ ဦးအောင်မြင့်၊ ဦးဖေမြင့်၊ ဦးချမ်းမွန်အပါဝင် ဒေသခံပြည်သူ ၂၀ နီးပါးထိ ရှိလာခဲ့တာ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်က အမှုဖွင့်ထားတဲ့ အကြမ်းဖက်ဥပဒေပုဒ်မတွေအရ ဒေသခံတွေဟာ အမြင့်ဆုံးပြစ်ဒဏ် ထောင်တစ်သက် တစ်ကျွန်းအပြင် ပိုင်ဆိုင်မှုတွေလည်း ချိပ်ပိတ်သိမ်းဆည်းခံရမယ့် အခြေအနေနဲ့ ကြုံ နေရပါတယ်။

မြို့ခံတွေ ပြောပြချက်အရ နိုဝင်ဘာ ၃၀ ရက်နေ့ ဖြစ်စဉ်ပြီးနောက် သံဖြူဇရပ်မြို့ပေါ်ရှိ ဒေသခံပြည်သူပိုင် နေအိမ်၊ အဆောက်အဦး ၂၀ ထက်မနည်း ချိပ်ပိတ်ခံထားရပြီး တချို့နေအိမ်ရှိ ပိုင်ဆိုင်မှုတွေကို စစ်ကောင်စီ တပ်က လာရောက်ဖောက်ထွင်း ယူဆောင်သွားတာတွေ ရှိနေတယ်လို့ သိရပါတယ်။

သံဖြူဇရပ်မြို့ပေါ်မှာတော့ ဒီဇင်ဘာနောက်ဆုံးအပတ်ကစပြီး မြို့တွင်းဖမ်းဆီးမှုတွေ မရှိသလောက်နည်းပါး သွားသလို ပိတ်ဆို့စစ်ဆေးတာတွေနဲ့ ကင်းလှည့်တာတွေ နည်းပါးလာတယ်လို့ မြို့ခံတွေထံက သိရှိရပါတယ်။

ဖမ်းဆီးခံရတဲ့ သံဖြူဇရပ် ပကဖအဖွဲ့ဝင် ဦးမြသန်းနဲ့ ကိုမင်းမင်းတို့ဟာ စစ်ကောင်စီရဲ့ သံဖြူဇရပ်တပ်နယ် ဝဲကလိစစ်ကြောရေးမှာ သေဆုံးသွားပေမယ့် မိသားစုထံ အလောင်းပြန်မပေးဘဲ အလောင်းဖျောက်ထား တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ- SAC Telegram

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.