တီဟီရန်၊ ဇန်နဝါရီ ၅

အမေရိကန်ရဲ့ ဒရုန်းနဲ့တိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ အီရန်ဗိုလ်ချုပ် ကာဆန် ဆိုလိုင်မန်နီရဲ့ အောက်မေ့ဖွယ်အခမ်းအနားပြုလုပ်တဲ့ သုဿန်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က ခါမန်မြို့က ဆိုလိုင်မန်နီသေဆုံးမှု စတုတ္ထမြောက် နှစ်ပတ်လည် အခမ်းအနားအတွင်း လူအုပ်ကြီးထဲမှာ မိနစ် ၂၀ ခြားပြီး ဗုံးပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပွားခဲ့တဲ့အတွက် လူပေါင်း ၁၀၃ ဦး သေဆုံးကာ ၂၁၁ ဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ သိရပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာ ဖော်ပြထားတာမရှိသေးဘဲ အီရန် အရာရှိတွေကတော့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်ကြောင့်လို့ စွပ်စွဲထားတာပါ။

အမေရိကန်အစိုးရအရာရှိတစ်ဦးကတော့ ဒါဟာအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီး တိုက်ခိုက်ပုံဟာ အရင်က အိုက်အက်စ်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေနဲ့ တူညီနေတယ်လို့ သုံးသပ်ပါတယ်။

လူအစုလိုက်အပြုံလိုက်သေဆုံးခဲ့ရတဲ့ ပေါက်ကွဲမှုအတွက် လက်စားချေသွားမယ်လို့ အီရန်ခေါင်းဆောင် အယာတိုလာ အလီခါမေနီက ကြွေးကြော်ထားပါတယ်။

ဒါ့အပြင် တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှားနဲ့တူရကီအပါအဝင် နိုင်ငံတချို့က ပြစ်တင်ရှုတ်ချထား သလို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်ကလည်း ဖောက်ခွဲမှုရဲ့ တာဝန်ရှိသူတွေကို တာဝန်ခံခိုင်းရမယ်လို့ ဆိုပါတယ်။

အီရန်ဟာ အိုင်အက်စ်အပါအဝင် အကြမ်းဖက်အဖြစ်သတ်မှတ်ခံထားရတဲ့ အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေကို အရင်ထဲက ခံနေရတာဖြစ်ပြီး ဒီတကြိမ်မှာတော့ လူသေဆုံးမှုအများဆုံးဖြစ်ခဲ့တာပါ။

အရင်တိုက်ခိုက်မှုတွေကိုတော့ အီရန်အရာရှိတွေက အစ္စရေးအပေါ် အပြစ်တင်ခဲ့ပေမယ့် ဒီတိုက်ခိုက်မှုမှာတော့ နိုင်ငံခြားက ပါဝင်ပတ်သက်တဲ့ လက္ခဏာ မတွေ့ရဘူးလို့ ဆိုထားပါတယ်။

ခါမန်မြို့ အာဇာနည်သုဿန်ဆီ သွားရာလမ်းတလျှောက်မှာ ဖောက်ခွဲရေး ပစ္စည်းတွေ တပ်ဆင်ထားတာဖြစ်ပြီး အကြမ်းဖက်သမားတွေက အဝေးထိန်းစနစ်နဲ့ ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ အီရန် အရာရှိတွေက ပြောထားပါတယ်။

 Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.