ကိဗ်၊ ဇန်နဝါရီ ၅

ကြားဝင်စေ့စပ်ညှိနှိုင်းပေးမှုတွေအရ ယူကရိန်းနဲ့ရုရှားတို့ဟာ စစ်သုံ့ပန်း ရာနဲ့ချီ လဲလှယ်ခဲ့ကြပြီး ဒါဟာ စစ်ပွဲအတွင်း အကြီးမားဆုံး အကျဉ်းသားလဲလှယ်မှု ဖြစ်တယ်လို့ ကိဗ်မြို့ရှိ အရာရှိတွေက ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ တပ်ဖွဲ့ဝင်တွေ အပါအဝင် အကျဉ်းသား ၂၃၀ ကို ရုရှားက ပြန်လွှတ်ပေးခဲ့တယ်လို့ ယူကရိန်းက ပြောပါတယ်။

ယူအေအီးနိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုနဲ့ရရှိခဲ့တဲ့ သဘောတူညီမှုအရ အပြန်အလှန်အနေနဲ့ ယူကရိန်းက ရုရှားနိုင်ငံသား ၂၄၈ ဦး ကို ပြန်လွှတ်ပေးခဲ့ပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ သြဂုတ်လ နောက်ပိုင်း ပထမဆုံး ကြီးကြီးမားမား အကျဉ်းသား လဲလှယ်မှု ဖြစ်ပါတယ်။

ကျွန်တော်တို့ရဲ့ လူတွေ မိခင်မြေဆီ ရောက်ပြီလို့ ယူကရိန်း သမ္မတ ဇီလန်စကီးက သူရဲ့လူမှုမီဒီယာမှာ ရေးသားထားပါတယ်။

ရုရှားဖမ်းဆီးထားတဲ့ စစ်သည်တွေနဲ့ အရပ်သား ၂၀၀ကျော်ကို မိမိတို့ ဒီကနေ့ ပြန်ခေါ်လာနိုင်ခဲ့တယ်လို့ ဇီလန်စကီးက ပြောပါတယ်။

ခက်ခက်ခဲခဲ ညှိနှိုင်းပြီးမှ နှစ်ဖက် သဘောတူညီမှု ရရှိခဲ့တာ ဖြစ်တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။

၂၀၂၂ ဖေဖော်ဝါရီမှာ ရုရှားက ရာနှုန်းပြည့် ကျူးကျော် တိုက်ခိုက်မှု စတင်ပြီး နောက်ပိုင်း ယူကရိန်းနဲ့ ရုရှားကြား အကျဉ်းသားလဲလှယ်မှု အကြိမ်ပေါင်းမနည်း ပြုလုပ်ခဲ့ကြပေမယ့် ရုရှားကြောင့် နောက်ပိုင်းမှာ အကျဉ်းသားလဲလှယ်ရေး လုပ်ငန်းစဉ်တွေ ကြန့်ကြာလာတယ်လို့ ယူကရိန်း အရာရှိတွေက ပြောပါတယ်။

နှစ်နိုင်ငံစလုံးက သဘောတူညီမှုရအောင် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ ယူအေအီးကို ကျေးဇူးတင်ကြောင်း ပြောဆိုထားပါတယ်။

အရင်က ရုရှားလက်ထဲက ပြန်လွတ်လာတဲ့ ယူကရိန်း အကျဉ်းသားအချို့က သူတို့ဟာ ဖမ်းဆီးခံထားရချိန်အတွင်း နှိပ်စက်ခံရပြီး ရှော့ခ်တိုက်ခံရတယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။

Ref- BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.