နောင်ချို၊ ဇန်နဝါရီ ၄

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအခြေစိုက် စစ်ကောင်စီတပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက် ပွဲအတွင်း ဒုဗိုလ်မှူးကြီး တစ်ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဇန်နဝါရီ ၄ ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

အဲဒီစစ်တပ်စခန်းကို ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့မှာ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ် မတော် TNLA ပူးပေါင်းတပ်ဖွဲ့တွေက စီးနင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး ဇန်နဝါရီ ၃ ရက်နေ့ မနက် ၇ နာရီခွဲအချိန်ခန့်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီထံကနေ Drone Jammer စက်အကြီးတွေအပါအဝင် လက်နက်ခဲယမ်းများစွာ သိမ်းဆည်းရမိခဲ့ပြီး အဲဒီစခန်းဟာ စစ်တက္က သိုလ်များတည်ရှိရာ ပြင်ဦးလွင်မြို့နဲ့ ၁၅ မိုင်သာ ကွာဝေးတဲ့နေရာမှာရှိ စခန်းတစ်ခုဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ကျောက်မဲလေးဘက်မှ သံဘိုကျေးရွာသို့ ကား ၃ စီးနဲ့ လာတဲ့စစ်ကူအဖွဲ့အား ထပ်မံ ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ ရန်သူအ များအပြား သေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

သံဘိုကျေးရွာ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ စစ် ကြောင်းမှူး ဒုဗိုလ်မှူးကြီးသက်အောင်အား အရှင်ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်သေဆုံးမှု များပြားခဲ့ကာ ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော်တချို့ ပြည်သူ့တော်လှန်ရေးအတွက် မြင့်မြတ်စွာ အသက်ပေးလှူသွားတယ်လို့ အသိပေးထားပါတယ်။

ဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်အနေနဲ့ စစ်ကောင်စီရဲ့ ဒုဗိုလ်မှူးကြီးအဆင့် အရာရှိ တစ်ဦးကို ပထမဆုံးအကြိမ်အဖြစ် လက်ရဖမ်းဆီးရမိခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.