လွိုင်ကော် – ဇန်နဝါရီ ၄ 

ကရင်နီပြည်နယ်၊လွိုင်ကော်အကျဉ်းထောင်ကနေ စစ်ကောင်စီလွှတ်ပေးတဲ့ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် လွတ်မြောက်လာတဲ့ အကျဉ်းသားမရှိဘူးလို့  ဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့ တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အတွက် စစ်ကောင်စီက နိုင်ငံအနှံ့က အကျဉ်းသား ၉၆၅၂ ဦး ကို လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လွှတ်ပေးခဲ့ပေမယ့် ကရင်နီပြည်နယ်က အကျဉ်းသားတစ်ဦးမှာ မပါ ဝင်ခဲ့ပါဘူး။

မြေပြင်တော်လှန်ရေး ရဲဘော်တစ်ဦးက တိုက်ပွဲပြင်းထန်နေတာကြောင့် ထောင်ကလွတ်လာတဲ့သူ မရှိသေးဘဲ လွိုင်ကော်ထောင်ကို သိမ်းပိုက်နိုင်မှသာ အကျဉ်းသားအကုန်လွတ်နိုင်မှာ ဖြစ်တယ် လို့ ပြောပါတယ်။ 

“လွိုင်ကော်ထောင်ကနေ ဘယ်လိုလုပ် လွတ်နိုင်မှာတုန်း။ လွတ်ဖို့မှ မရှိတာ တိုက်ပွဲ ဖြစ်နေတာ ကိုး။ထောင်ကို သိမ်းနိုင်ရင်တော့အကုန်လုံးလွတ်ပြီလေ။အဲတာပဲရှိတယ်” လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

လွိုင်ကော်မြို့ပေါ်တိုက်ပွဲတွေမှာ စစ်ကောင်စီက အကျဉ်းထောင်ကို ခံတပ်သဖွယ်အသုံးပြုနေပြီး အကျဉ်းသားတွေကိုလည်း လူသားဒိုင်းသဖွယ်အသုံးချနေတာဖြစ်တယ်လို့ တော်လှန်ရေး အင်အားစုတွေက ဆိုထားပါတယ်။

လက်ရှိအချိန်ထိ လွိုင်ကော်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသား၊အကျဉ်းသူတွေအပါအဝင် အကျဉ်းသား ၅၀၀ ကျော်ဟာ စစ်ကောင်စီနဲ့အတူ ပိတ်မိပြီး ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ ပြတ်တောက်မှုကြောင့် စားသောက်ရေးခက်ခဲမှုတွေနဲ့အတူ ကျန်းမာရေးထိခိုက်မှုတွေ ရှိနေတယ် လို့ သိရပါတယ်။

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF ရဲ့အချက်အလက်တွေအရ အာဏာသိမ်းကာလ အတွင်း ကရင်နီပြည်နယ်မှာ မတရားဖမ်းဆီးခံရဆဲ အကျဉ်းသား ၁၅၀ ဦးအထိရှိတယ်လို့ သိရပါတယ်။ 

စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ရဲနဲ့အကျဉ်းဦးစီးဌာနဝန်ထမ်းတွေဟာ လွိုင်ကော်ထောင်က အကျဉ်းသားတွေကို ဖိနှိပ်မှုတွေ ပြုလုပ်နေပြီး တိုက်ပွဲတွေမှာလည်း လူသားဒိုင်းအဖြစ်အသုံးပြု နိုင်ခြေရှိတယ်လို့ တစ်နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်က အသိပေးထားပါ တယ်။

တော်လှန်ရေးတပ်ပေါင်းစုဟာ လွိုင်ကော်မြို့ပေါ်က ပြည်နယ်ရဲစခန်းအပါအဝင် စစ်တပ်စခန်း ၂၀ ကျော်ကို သိမ်းပိုက်ထားနိုင်ပြီဖြစ်ကာ အကျဉ်းထောင်ကို သိမ်းပိုက်နိုင်ဖို့ ကြိုးစားနေတယ် လို့ ပြောထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Social Media 

ပုံစာ – ကိုဗစ်ကာလအတွင်းက လွိုင်ကော်အကျဉ်းထောင်ကိုတွေ့ရစဉ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.