မော်လမြိုင် – ဇန်နဝါရီ ၄

တိုင်းပြည်အာဏာကို လိုချင်တပ်မက်စိတ်နဲ့ မတရားရယူပိုင်ဆိုလိုကြတဲ့ စစ်ခေါင်းဆောင်တွေရဲ့ လက်နက်အားကိုး အနိုင့်အထက်ပြုကျင့်မှုတွေကြောင့် ပြည်သူတွေ စစ်ကျွန်ဘဝကို ရင်ဆိုင်ကြုံ တွေ့နေရတယ်လို့ NUG က ၇၆ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနား သဝဏ်လွှာပေးပို့ခဲ့ပါ တယ်။ 

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က တိုင်းပြည်အာဏာကို မတရားလုယူဖို့ ကြိုးပမ်းပြီး ခေတ်အဆက် ဆက် စစ်အာဏာရှင်တွေထက် ပိုမိုဆိုးဝါးပြင်းထန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ် လို့ ဆိုထားပါတယ်။

အဲဒီလို စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ပြည်သူတရပ်လုံးက ပြည်သူ့နွေဦးတော်လှန်ရေးကို ဆင်နွှဲကာ ရရာလက်နက်စွဲကိုင်တော်လှန်ကြရတဲ့ အခြေအနေ အထိ ဆိုက်ရောက်လာခဲ့တယ်လို့ NUG က ပြောထားပါတယ်။ 

တော်လှန်ရေးအင်အားစုတွေ၊တိုင်းရင်းသားတော်လှန်ရေးအင်အားစုတွေ၊မျိုးဆက်သစ် တော်လှန်ရေးခေါင်းဆောင်တွေ အနေနဲ့ ပြည်သူ့အားကိုယူကာ အချိန်အခါကောင်းကို အမိအရ ကိုင်စွဲရယူပြီး သမိုင်းမှာ ရရှိခံစားခဲ့ဖူးတဲ့ ဖိနှိပ်ချုပ်ချယ်မှုအပေါင်းတို့မှ အပြီးတိုင် လွတ်မြောက် ခဲ့တဲ့ လွတ်လပ်ရေးအသီးအပွင့်ကို ပြန်လည်ရရှိခံစားကြရတော့မယ် အနာဂတ်ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီရောက်တဲ့အထိ တွဲလက်မဖြုတ်စတမ်း အသံမစဲအလံမလှဲစတမ်း ဆက်လက်ထုဆစ် ပုံဖော်ကြဖို့တောင်းဆိုထားပါတယ်။ 

လက်ရှိအချိန်ဟာ တိုင်းရင်းသားပြည်သူတရပ်လုံး စည်းလုံးညီညွတ်မှုအားနဲ့ မြန်မာနိုင်ငံမှာ ခေတ် အဆက်ဆက် ပေါ်ထွန်းခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေ အားလုံး ရဲ့ အခြေခံကောင်းတွေ စုစည်းပေါင်းစုံပြီး အာဏာရှင်စနစ်အမြစ်ဖြတ်နိုင်ရေးနဲ့ ဖက်ဒရယ် ဒီမိုကရေ စီ နိုင်ငံတော်သစ် ထူထောင်နိုင်ရေးအတွက် အလားအလာ ကောင်းတွေရရှိပိုင်ဆိုင်နေတဲ့ အချိန်အခါ ကောင်းဖြစ်တယ်လို့ NUG က အသိပေးထားပါတယ်။ 

သတင်း – သံလွင်တိုင်းမ် 

ဓာတ်ပုံ – NUG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.