တောင်ငူ၊ ဇန်နဝါရီ ၃

ကရင်အမျိုးသားအစည်းအရုံး KNU တောင်ငူခရိုင် တပ်မဟာ ၂ နယ်မြေအတွင်း စစ်ကောင်စီတပ်စခန်း ၂ ခု စွန့်ခွာထွက်ပြေးသွားခဲ့တဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA က ဝင်ရောက်ရှင်းလင်းခဲ့ရာ ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

KNU တောင်ငူခရိုင် ထန်းတပင်မြို့နယ် ဖလေးဆာလိုကျေးရွာ ဘိုးဘွားပိုင်သင်္ချိုင်းမြေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စကခ ၂၀ လက်အောက်ခံ ခမရ ၅၈၁ တပ်စခန်းနဲ့ ကလောမီဒဲကျေးရွာပိုင်မြေမှာ တပ်စွဲထားတဲ့ စကခ ၂၀ လက်အောက်ခံ ခမရ ၅၈၁ တပ်စခန်း ၂ ခုက စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဒီဇင်ဘာလ ၃၁ ရက်နေ့နဲ့ ဇန်နဝါရီလ ၂ ရက်နေ့တွေက စခန်းကနေ စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

စစ်ကောင်စီတပ်က စခန်းကို အသီးသီး စွန့်ခွာထွက်ပြေးသွားခဲ့တဲ့အတွက် KNLA တပ်ရင်း ၆ က အဲဒီတပ်စခန်း ၂ ခုကို ဝင်ရောက်ရှင်းလင်း မီးရှို့ခဲ့ရာ ဖလေးဆာလိုတပ်စခန်းက ခဲယမ်းများစွာကို သိမ်းဆည်းရမိခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုထားပါတယ်။

KNLA က စစ်ကောင်စီတပ်ရဲ့ ဖလေးဆာလိုတပ်စခန်းကို ရိက္ခာဖြတ်တောက်ထားတာဟာ ၆ လနီးပါးနဲ့ ကလောမီဒဲတပ်စခန်းကို ၃ လနီးပါး ကြာမြင့်ပြီဖြစ်တဲ့အတွက် အဲဒီတပ်စခန်းအတွင်းရှိ စစ်ကောင်စီတပ်သားတွေဟာ ဒုက္ခများစွာခံနေရပြီး နောက်ဆုံးမှာ စခန်းကို စွန့်ခွာထွက်ပြေးသွားရတာဖြစ်တယ်လို့ KNU က ဆိုပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဖလေးဆာလိုတပ်စခန်းနဲ့ ကလောမီဒဲတပ်စခန်းတို့ဟာ ၁၉၇၅ ခုနှစ်က ပထမအကြိမ် စတင်တပ်စွဲခဲ့တာဖြစ်ပြီး ၁၉၇၉ ခုနှစ်မှာ ဆုတ်ခွာသွားခဲ့ကာ ဒုတိယအကြိမ်အနေနဲ့ ၂၀၀၆ ခုနှစ်မှာ တပ်မ ၆၆ က ဦးဆောင်ပြီး တောင်ငူခရိုင်အတွင်းနေထိုင်တဲ့ ကရင်လူမျိုးတွေကို မြေလှန်စနစ်နဲ့ လူမျိုးတုန်းရှင်းလင်းရေး စစ်ဆင်ရေးမှာ ဝင်ရောက်ကျူးကျော်လာတဲ့ တပ်စခန်းတွေ ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.