သံဖြူဇရပ် – ဒီဇင်ဘာ ၂၈

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့မှာ မနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့ မနက်ပိုင်းက အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကဆီသမားတစ်ဦးဟာ လုယက်သတ်ဖြတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

အသက် ၆၀ အရွယ် ဆိုင်ကယ်တက္ကဆီမောင်းသူ အမျိုးသားတစ်ဦးဟာ သံဖြူဇရပ်မြို့၊ဖောင်စိန် ရပ်ကွက် မြို့ဝင်ကြေးကောက်ခံရေးဂိတ်အနီးမှာ ဆိုင်ကယ်လုယက်သတ်ဖြတ်ခံခဲ့ရတာပါ။

ဓါးနဲ့ထိုးသွင်းဒဏ်ရာ အချက် ၂၀ ထက်မနည်း ရရှိပြီး သေဆုံးနေတဲ့ အမျိုးသားကို ဒေသခံတွေက တွေ့ရှိပြီးနောက် လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံ အကူအညီတောင်းခံတာပါ။

သေဆုံးသွားတဲ့ ဆိုင်ကယ်တက္ကဆီမောင်းသူတွေကို သံဖြူဇရပ်မြို့အခြေစိုက် စေတနာရှင် လူမှုကူညီကယ်ဆယ်ရေးအဖွဲ့က မုဒုံမြို့နယ် ကမာဝက်တိုက်နယ်ဆေးရုံရှိ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

အဲဒီဆိုင်ကယ်တက္ကဆီမောင်းသူဟာ သံဖြူဇရပ်မြို့၊ မင်းသီဟဆိုင်ကယ် တက္ကဆီဂိတ်မှ ဆိုင်ကယ်ကျောအမှတ် ၁၀၂ ဝတ်ဆင်သူဖြစ်ပြီး သူရဲ့ ဆိုင်ကယ်ကိုတော့ လုယက်သူတွေက သတ်ဖြတ်ကာ ယူဆောင်သွားတာ ဖြစ်ပါတယ်။

အဲဒီဖြစ်စဉ်ဖြစ်ပွားခဲ့တဲ့အတွက် သံဖြူဇရပ်မြို့က ဆိုင်ကယ်တက္ကဆီသမားတွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေသလို နယ်ဝေးတက္ကဆီ ပြေးဆွဲမှုရပ်နားတာတွေ ရှိလာတယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ အာဏာသိမ်းကာလအတွင်း စစ်ကောင်စီဘက်က တရားဥပဒေစိုးမိုးမှုရှိအောင် မဆောင်ရွက်နိုင်တာကြောင့် မကြာခဏဆိုသလို ဆိုင်ကယ်တက္ကဆီသမားတွေ လုယက်သတ်ဖြတ်ခံရတာ၊ ဓားထောက်ခြိမ်းခြောက်လုယက်တာတွေနဲ့ ကြုံနေရတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.