ကိဗ်၊ ဒီဇင်ဘာ ၂၇

ယူကရိန်းပါလီမန်ရဲ့ ဝက်ဘ်ဆိုက်မှာတင်ထားတဲ့ ဥပဒေမူကြမ်းတစ်ခုအရ တိုက်ပွဲဝင်ဖို့ စည်းရုံးနိုင်တဲ့ အသက်အရွယ် ကန့်သတ်ချက်ကို ၂၇ နှစ်မှ ၂၅ နှစ်သို့ လျှော့ချဖို့ အဆိုပြုထားတာကို တွေ့ရကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ယူကရိန်းရဲ့ ၂၂ လကြာ ရုရှားနဲ့ တိုက်ပွဲတွေ အရှိန်ပြင်းလာချိန်မှာပဲ ဒီလိုအဆိုပြုပြောင်းလဲ သတ်မှတ်ချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၄ ရက်က ပျက်ကျခဲ့တဲ့ စစ်လေယာဉ်တွေနဲ့ပတ်သက်ပြီးလည်း ယူကရိန်းနဲ့ ရုရှားတို့က အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

ယူကရိန်းအရှေ့ပိုင်းရှိ ဒေသဆိုင်ရာဗဟိုဌာန မာရင်ကာကို သိမ်းပိုက်ခဲ့ပြီလို့ ရုရှားရဲ့ပြောဆိုချက်ကိုလည်း ယူကရိန်းတပ်ဖွဲ့တွေက ငြင်းဆိုခဲ့ပါတယ်။

ယူကရိန်းနိုင်ငံသားတွေရဲ့ စစ်မှုထမ်းဖို့ စာရင်းသွင်းရမယ့် သတ်မှတ်ချက်မူကြမ်းမှာ “အသက် ၂၅ နှစ် ပြည့်ပြီးသူများ” ဆိုတဲ့ စာသားကိုအစားထိုးပြင်ဆင်သွားမှာဖြစ်ပါတယ်။

ကာကွယ်ရေးဝန်ကြီးမှ လက်မှတ်ရေးထိုးထားတဲ့ ရှင်းလင်းချက်မှတ်တမ်းမှာ ဥပဒေမူကြမ်းရဲ့အဓိက ပြဋ္ဌာန်းချက်တွေကို အကျဉ်းချုံးဖော်ပြခဲ့ပြီး အဲဒီထဲမှာလည်း “စစ်မှုထမ်းအသက် ၂၇ နှစ်မှ ၂၅ နှစ်သို့ ပြောင်းလဲခြင်း” ဆိုတဲ့အကြောင်းပါဝင်တယ်လို့ ဆိုပါတယ်။

သမ္မတဇီလန်စကီးက ဒီဇင်ဘာ ၁၉ ရက်ကပြုလုပ်တဲ့ သူ့ရဲ့နှစ်ကုန်ပိုင်း သတင်းစာရှင်းလင်းပွဲမှာ ယူကရိန်း နိုင်ငံသား ၄ သိန်းခွဲ မှ ၅ သိန်းကို စစ်မှုထမ်းဖို့အတွက် နောက်ထပ်ခေါ်ယူဖို့ အဆိုပြုထားခဲ့ပါတယ်။

ဒါပေမယ့်လည်း လွှတ်တော်ကို အဆိုတင်သွင်းမှုမဆုံးဖြတ်မီ တပ်မတော်နဲ့ အစိုးရတို့ ဆွေးနွေးရမယ့်ကိစ္စမှာ အလွန်ထိလွယ်ရှလွယ် ဖြစ်နေကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ လက်ရှိတပ်ဖွဲ့ဝင်အရေအတွက်ကို မသိရပေမယ့်လည်း အရင်တုန်းကတော့နိုင်ငံထဲမှာ လက်နက် ကိုင်ဆောင်ထားသူ ၁ သန်းနီးပါး ရှိတယ်လို့ ဆိုထားတာဖြစ်ပါတယ်။

ယူကရိန်းကို ရုရှားက ကျူးကျော်ပြီးကတည်းက လူပေါင်းသိန်းနဲ့ချီ သေဆုံးပြီး ဒဏ်ရာရခဲ့တယ်လို့ အမေရိကန် အရာရှိတွေက ခန့်မှန်းခဲ့ပေမယ့် ဘယ်နိုင်ငံကမဆို စစ်မှုထမ်းနေတဲ့ သူတို့နိုင်ငံသားတွေရဲ့ အသေအပျောက် စာရင်းတွေကိုလည်း ထုတ်ပြန်လေ့မရှိပါဘူး။

ပါလီမန်မှာ ဇီလန်စကီးရဲ့ပါတီအကြီးအကဲဖြစ်တဲ့ ဒေးဗစ် အာရာခါမီးယာက အစိုးရဟာ စစ်တပ်ရဲ့ တောင်းဆိုမှုအရ ဥပဒေမူကြမ်းကို လုပ်ဆောင်နေပြီး ဒီဇင်ဘာ၂၆ ရက်နေ့မှာ အဆိုတင်သွင်းဖို့ စီစဉ်ထားတယ်လို့ ပြောခဲ့ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.