ဘုတ်ပြင်း၊ ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်မှာ အခုရက်ပိုင်းအတွင်း တောရိုင်းဆင်နင်းခံရတာကြောင့် အမျိုးသား ၁ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသလူမှုကူညီရေးအသင်း တာဝန်ရှိသူတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်နေ့က ဘုတ်ပြင်းမြို့နယ် ချောင်းမွန်ငါးကျေးရွာ ဆီအုန်းခြံထဲမှာ အသက် ၃၈ နှစ်အရွယ် ကိုကျော်လွင်ဟာ တောရိုင်းဆင်နင်းခံရတာကြောင့် ပြင်းထန်ဒဏ်ရာရရှိခဲ့တာပါ။

ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်၊ မြင်းကကွင်းကျေးရွာကနေ အလုပ်လုပ်လာတဲ့ ဆီအုန်းခြံလုပ်သား ကိုကျော်လွင်ဟာ ဆင်နင်းခံရပြီးနောက် မြိတ်ဆေးရုံကနေ ရန်ကုန်ဆေးရုံသို့ လွှဲပြောင်းကုသစဉ် သေဆုံးသွားတယ်လို့ လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ဒီဇင်ဘာ ၂၄ ရက်နေ့ကလည်း ဘုတ်ပြင်းမြို့နယ် ပန်းဖုံချောင်းကျေးရွာနေ လမ်းလုပ်သား အသက် ၃၇ နှစ်အရွယ် ကိုနေလင်းဟာ အလုပ်ပြီးနောက် နေအိမ်ပြန်လာစဉ် လမ်းမှာ တောရိုင်းဆင်နင်းခံခဲ့ရတာကြောင့် ဒဏ်ရာရရှိခဲ့တာပါ။

ဆင်းနင်းခံရတဲ့ ကိုနေလင်းဟာ ရင်ဘတ်နဲ့ပေါင်တွေမှာ အတွင်းဒဏ်ရာတွေရရှိပြီးနောက် ဘုတ်ပြင်းမြို့ အမှတ်(၁၈) တပ်မတော်ဆေးရုံ ကုတင်-၁၀၀ မှာ ဆေးကုသမှုခံယူနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း ဘုတ်ပြင်းမြို့နယ်၊ ဝါးချောင်းရွာနေ ဒေသခံအမျိူးသားတစ်ဦးဟာ တောရိုင်းဆင်အနင်းခံရပြီး အသက်သေဆုံးထားတယ်လို့ ဒေသခံတွေရဲ့ ပြောကြားချက်အရ သိရှိရပါတယ်။

ဘုတ်ပြင်းမြို့နယ် ချောင်းမွန်၊ ဝါးဒင်း၊ ဝါးချောင်းစတဲ့ကျေးရွာတွေမှာ တောရိုင်းဆင်တွေကို မကြာ ခဏတွေ့ ရလေ့ရှိပြီး ဆီအုန်းခြံထဲဝင်ကာ ဆီအုန်းပင်အညွန့်တွေကို လာစားလေ့ရှိသလို၊ စိုက်ခင်း၊ နေအိမ်တွေကို ဖျက်ဆီးတာနဲ့ လူတွေကို အသက်သေဆုံးတဲ့အထိ အန္တရာယ်ပြုလေ့ရှိတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.