ကျိုက်မရော၊ ဒီဇင်ဘာ ၂၃

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံပြည်သူတွေဟာ ရာသီဥတုအေးလာတဲ့အတွက် စောင်နဲ့အနွေးထည် အ ကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့ စစ်ရှောင်ပြည်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၀ ရက်နေ့ကစလို့ ကျိုက်မရောမြို့နယ်ရှိ စစ်ကောင်စီရဲ့ ချောင်းနှစ်ခွနယ်မြေရဲ စခန်းနဲ့ တံတားဂိတ်စခန်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA နဲ့ တော် လှန်ရေးအင်အားစု ပူးပေါင်းအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာကနေ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာပါ။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ကနေ ကျေးရွာတွေထဲ လက်နက်ကြီး ပစ်ခတ်တာ၊လေ ယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာပေါင်း ၂၀ နီးပါးက ဒေသခံပြည်သူ ၂၀၀၀၀ ကျော်ဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရပြီး အချိန်တစ်လကျော်သွားတဲ့အထိ နေရပ်မပြန်ရသေးပါဘူး။

စစ်ရှောင်အရေးကူညီနေသူတစ်ဦးကတော့ စစ်ရှောင်ရက်ရှည်ကြာလာတာနဲ့အမျှ စားနပ်ရိက္ခာနဲ့ဆေးဝါးလိုအပ်မှုတွေ ရှိလာသလို ရာသီဥတုအအေးဒဏ်ကြောင့် စောင်နဲ့အနွေးထည် အကူအညီတွေ အရေးပေါ်လိုအပ်နေတယ်လို့ ပြောပါတယ်။

“စစ်ဘေးရှောင်တွေက ရွာထဲကို ပြန်ဝင်လို့မရသေးဘူး။ မရမ်းကုန်းတို့၊ သရက်ကုန်းတို့၊ ကော့စပ်တို့၊ ဘုရားကုန်းတို့ ၁၅ရွာလောက်တော့ရှိမယ်။ ရှောင်နေရတုန်းပဲ။ လူဦးရေက နှစ်သောင်းနီးပါးလောက်ရှိမယ်။ လိုအပ်ချက်ကတော့ စားနပ်ရိက္ခာတွေပေါ့လေ။ အဓိက နောက်အေးလာတော့ ကျွန် တော်တို့ဟာ စောင်တွေ၊ အနွေးထည်တွေ အဲဒါတွေတော့ အဓိကလိုတာပေါ့။ ဆေးဝါးတွေရောပေါ့” လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ ဖျားနာတွေ ရှိလာသလို နှစ်ဖက်တပ်တွေရဲ့ လမ်းပန်းဆက်သွယ်ရေး သွားခွင့်ကန့်သတ်ချက်တွေကြောင့် ဆေးရုံအချိန်မီ ပို့ဆောင်လို့ မရတဲ့အတွက် သေဆုံးတာတွေလည်း ရှိလာတယ်လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်က လက်လှမ်းမီသလောက် ပြုစုထားတဲ့ အချက်အလက်တွေအရ နှစ်ဖက်တိုက်ပွဲအ တွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးနီးပါး သေဆုံးထားသလို စစ်ရှောင်ကာလအတွင်း ဆေးဝါးကုသခွင့်မရတာကြောင့် ၃ ဦးထက်မနည်း သေ ဆုံးထားတာ ဖြစ်ပါတယ်။

စစ်ရှောင်ပြည်သူတွေဟာ လက်ရှိမှာတော့ နီးစပ်ရာတောတောင်တွေနဲ့ ဘေးလွတ်ရာ ဘုန်းကြီး ကျောင်းတွေမှာ ခိုလှုံနေကြပေမယ့် စစ်ရှောင်ရက်ရှည်ကြာလာတာနဲ့အမျှ မိသားစု စားဝတ်နေရေး အခက်အခဲကိုပါ ထပ်မံရင်ဆိုင်နေရပါတယ်။

စစ်ရှောင်ပြည်သူတစ်ဦးကလည်း နေရပ်ပြန်လာချင်ကြပေမယ့် အချိန်မရွေးတိုက်ပွဲတွေ ထပ်မံဖြစ် ပွားလာနိုင်တဲ့ အခြေအနေကြောင့် စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ စခန်းထဲမှာ ရှိနေသေးတော့ တိုက်ပွဲကဖြစ်တယ်။ လက်နက်ကြီးတွေ ပစ်တာလည်းရှိတယ်။ ဟိုတစ်နေ့ကဆိုလည်း လေယာဉ်ပစ်တာရှိတယ်။ ကျွန်တော်တို့ဘက်ခြမ်းဆိုရင် တစ်လကျော်ပြီပေါ့။ ဖြစ်နိုင်ရင်တော့ မြန်မြန်ပြီးသွားချင်တာပေါ့။ ကျွန်တော်တို့ ရွာသားတွေလည်း ရွာထဲကိုယူစရာရှိတာလည်းယူ၊ နည်းနည်းပါးပါး ပြန်သင့်ရင်လည်း ပြန်လို့ရအောင် အမြန်ဆုံးတော့ ပြီးချင်တာပေါ့”လို့ ဆိုပါတယ်။

တဖက်မှာတော့ စစ်ရှောင်ပြည်သူတွေဟာ နေရပ်မပြန်နိုင်သေးတာကြောင့် နေအိမ်တွေမီးရှို့ခံရမှာကို စိုးရိမ်မှုရှိသလို နေအိမ်တွေအတွင်း ဝင်ရောက်ပြီး ပစ္စည်းတွေခိုးယူခံရမှာ၊ အသုံးအဆောင်တွေကို ဖျက်ဆီးသွားမှာကို စိုးရိမ်ပူပန်မှုတွေ ရှိနေတာဖြစ်ပါတယ်။

တိုက်ပွဲတွေကြောင့် လူဦးရေသောင်းနဲ့ချီ စစ်ရှောင်နေရပေမယ့် စစ်ကောင်စီခန့် မွန်ပြည်နယ်အစိုး ရအဖွဲ့ ကတော့ လူသားချင်းစာနာမှုအကူအညီ တစ်စုံတစ်ရာ ထောက်ပံ့ပေးတာမရှိသလို စစ်ရှောင်စခန်းတွေထံ လာရောက်တာလည်းမရှိဘူးလို့ စစ်ရှောင်ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

လက်ရှိမှာလည်း ချောင်းနှစ်ခွဒေသမှာ စစ်ကောင်စီတပ်နဲ့တော်လှန်ရေးအင်အားစုတို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုတွေရှိနေသလို စစ်ကောင်စီရဲ့ မုဒုံဗျူဟာကုန်းကနေ နေ့တိုင်းနီးပါး လက်နက် ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်နေပါတယ်။

အချိန်တစ်လကျော်ကြာ ဖြစ်ပွားနေတဲ့ ကျိုက်မရောတိုက်ပွဲအတွင်း တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး မျိုးကိုကိုဝင်း အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၀ နီးပါး သေဆုံးထားသလို လက်နက်ချအညံ့ခံသူ ၃၂ ဦး ရှိတယ်လို့ တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.