အင်ဂျန်းယန်၊ ဒီဇင်ဘာ ၂၃

တနိုင်ငံလုံးအနှံ့ ထိုးစစ်တွေနဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေကြချိန်မှာ ကချင်ပြည်နယ်မှာတော့ တိုက်ပွဲမဖြစ်ဘဲ စစ်‌ကောင်စီတပ်စခန်းချထားတဲ့ နယ်မြေနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က သိမ်းပိုက်ရရှိထားပါတယ်။

ကချင်လွတ်လပ်ရေးတပ်တော် KIA အနေနဲ့ နိုဝင်ဘာနဲ့ ဒီဇင်ဘာအတွင်း အင်ဂျန်းယန်မြို့နဲ့ အင်ခါဂါးကျေးရွာက စစ်ကောင်စီ အခြေစိုက်တပ်စခန်း‌တွေမှာ တပ်ဖွဲ့ဝင်တွေ စွန့်ခွာသွားတဲ့ နယ်မြေနှစ်ခုကို ရရှိထားတာပါ။

ကချင်ပြည်နယ် ပူတာအိုခရိုင် မချမ်းဘောမြို့နယ်ရှိ အင်ခါဂါးကျေးရွာမှာ စခန်းချထားတဲ့ စစ်ကောင် စီတပ်ဖွဲ့ ဝင်တွေက တိုက်ခိုက်ခံရမှာစိုးလို့ ဒီဇင်ဘာ ၁၈ ရက်နေ့က စခန်းစွန့်ခွာသွားတယ်လို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အဲဒီမှာ ကျွန်တော်တို့လည်း စစ်ဆင်ရေးလုပ်ဖို့တော့ စီစဉ်နေပါတယ်။ အဲဒီအချိန်မှာ သူတို့က သူတို့ဘာသာသူတို့ စွန့်ခွာပြီးမှ ပြောင်းသွားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်တဲ့ အနေအထားတော့ မရှိပါဘူး။ သူတို့ဘာသာ သူတို့ပြောင်းသွားတာဖြစ်ပါတယ်။ ကြားရတာက ဘာမှမချန်ထားဘူးလို့ ပြောတယ်။ ဆီတို့ဆားတို့တောင်မှ ရောင်းပြီးမှ ထွက်သွားတယ်လို့ ကြားရတယ်။ စစ်ရေးနဲ့ပတ်သက်တဲ့ လက်နက်ကိရိယာတွေက ဘာမှချန်မထားဘူးလို့ပြောတယ်”လို့ ဆိုပါတယ်။

အင်ခါဂါးကျေးရွာရှိ တပ်စခန်းဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အတူ ဌာနေပြည်သူ့စစ်တပ်ဖွဲ့ဝင်တို့ ပူးပေါင်းတပ်စွဲထားတာဖြစ်ပြီး ဧရာဝတီမြစ်တစ်ကြောလုံးမှာ ဗျူဟာကျတဲ့နေရာဖြစ်သလို KIA ရဲ့ တပ်မဟာ ၁ ၊ တပ် ရင်း ၇ နယ်မြေလည်း ဖြစ်ပါတယ်။

အဲဒီကျေးရွာဟာ ၁၉၉၀ ခုနှစ်အတွင်း မြန်မာစစ်အစိုးရနဲ့ KIA တို့ကြား အပစ်ခတ်ရပ်စဲရေးကာလမှာ ဒေသဖွံ့ဖြိုးရေးလုပ်ခဲ့တဲ့ နယ်မြေဖြစ်ပြီး အဲဒီနောက်ပိုင်း စစ်တပ်ကနေရာယူထားတာဖြစ်တဲ့အ တွက် တိုက်ပွဲတွေလည်း မကြာခဏ ဖြစ်ပွားခဲ့တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပြပါတယ်။

ဒါ့အပြင် မချမ်းဘောမြို့ပေါ်မှာတော့ စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေ အားလုံးရုတ်သိမ်းတာ၊ ပြောင်းရွှေ့တာ၊ စခန်းစွန့်ခွာတာတွေမရှိဘဲ နဂိုအတိုင်း ဆက်လက်တည်ရှိနေပြီး အင်ခါဂါးတစ်ခုသာ စခန်းစွန့်ခွာသွားတာလို့ သူကရှင်းပြပါတယ်။

အင်ခါဂါးကျေးရွာဟာ မချမ်းဘောမြို့ကနေ စက်လှေနဲ့ နှစ်နာရီလောက်ကြာသွားရတဲ့ အကွာအဝေးမှာ တည်ရှိနေတဲ့ ရေလမ်းခရီးသာရောက်တဲ့ ကျေးရွာဖြစ်သလို လက်ရှိမှာ အဲဒီကျေးရွာတွင်းရှိ တပ်စခန်းကို KIA က မီးရှို့ ဖျက်ဆီးလိုက်ပြီလို့ ဒေသတွင်း သတင်းဌာနတွေက ဖော်ပြကြပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ကလည်း မြစ်ကြီးနားခရိုင်၊ မြစ်ဆုံအထက်မှာရှိတဲ့ အင်ဂျန်းယန်မြို့နယ်အတွင်း စစ်ကောင်စီအခြေစိုက် တပ်စခန်းတွေမှာရှိတဲ့ တပ်ဖွဲ့ဝင်တွေ စခန်းစွန့်ခွာ ရုတ်သိမ်းသွားခဲ့ပါသေးတယ်။

အဲဒီစခန်းတပ်စခန်းတွေထဲမှာ ဆယ်စုနှစ်ကြာ အခြေစိုက်ထားတဲ့ စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ ၄၀ ရဲ့ တပ်စခန်း ၊ ၁၆ မိုင်ရှိ တပ်စခန်း၊ ဂွေထောင်တပ်စခန်းနဲ့ ရဲစခန်းတို့ ပါဝင်ပါတယ်။

လတ်တလောမှာတော့ ကချင်ပြည်နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား မြေပြင်တိုက်ပွဲမရှိဘဲ နှစ်ဖက်တပ်အချင်းချင်း စောင့်ကြည့်နေတဲ့ အနေအထားမှာ ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ဆိုပါတယ်။

ကချင်လွတ်လပ်ရေးတပ်မတော် KIA အနေနဲ့ စစ်ကိုင်းနဲ့ ရှမ်းမြောက်တို့မှာ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ခိုက်နေတာရှိပြီး ဒီဇင်ဘာ ၂၀ ရက်နေ့က ရှမ်းမြောက်ရှိ ကွတ်ခိုင်နဲ့ နမ့်ဖတ်ကာကြား အရေးပါတဲ့ နမ့်ခိုင်တံတားတပ်စခန်းကို KIA က သိမ်းပိုက်ရရှိထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- KIA/KACHIN NWES

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.