ရေဖြူ၊ ဒီဇင်ဘာ ၂၃

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ် တိုက် ခိုက်ခံရပြီးနောက် နောက်ထပ်ဒေသခံအမျိုးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကနေ လာရောက်ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ဒီဇင်ဘာ ၂၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်ခန့်မှာ အိမ်စီးကားတွေနဲ့ဝင်ရောက် လာပြီးနောက် ကံပေါက်ကျေးရွာအုပ်စု လှည်းကုန်း အမှတ်(၂) ရပ်ကွက်နေ ဒေသခံတွေဖြစ်တဲ့ မမော်မော်ရှိန်နဲ့ အစ်မဖြစ်သူမနော်နော်ရှိန်တို့ကို ဖမ်းဆီးသွားတာပါ။

ဖမ်းဆီးသွားတဲ့ ဒေသခံအမျိူးသမီးနှစ်ဦးကို စစ်ကောင်စီတပ်ကနေ မောရဝတီရေတပ်စခန်းဌာန ချုပ်ထံ ဖမ်းဆီးခေါ်ဆောင်သွားပြီး စစ်ကြောမေးမြန်းတာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ကလည်း ကံပေါက်ကျေးရွာအုပ်စု မဂ္ဂရပ်နေ မသဲစုမိုး၊ လှည်းကုန်း အ မှတ်(၁) ရပ်ကွက်နေ ဒေါ်သန်းသန်းစိုး၊ မိကျောင်းအိုင်ရပ်ကွက်နေ ဦးသားကြီးနဲ့ဇနီးတို့ကို စစ်ကောင် စီတပ်က ဖမ်းဆီးသွားပါသေးတယ်။

ဖမ်းဆီးထားသူ ၆ ဦးကို စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်မှာ ချုပ်နှောင်စစ်ဆေးနေပြီး မိသားစုဝင်တွေနဲ့လည်း မပေးတွေ့ဘူးလို့ ဒေသခံတွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိတယ်လို့ တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ အချက်အလက်တွေအရ အာ ဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းဒေသကြီးထဲမှာ အရပ်သားပြည်သူ ၂၀၀၀ နီးပါး ဖမ်းဆီးခံထားရတယ်လို့ အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.