မော်လမြိုင်၊ ဒီဇင်ဘာ ၁၇
မွန်ပြည်နယ်မှာ စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုနဲ့အတူ ဝယ်ယူရခက်ခဲနေတာ၊ ဆားကြမ်းဈေးနှုန်း ကျဆင်းလာတာကြောင့် နေလှန်းဆားကွင်းတချို့ လုပ်ငန်းရပ်နားထားတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဆားကြမ်းဈေးနှုန်းဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ဆားသစ်အပေါ် ကာလအတွင်း တစ်ပိဿာကို ကျပ် ၂၅၀ ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပေမယ့် အခုအခါမှာတော့ တစ်ပိဿာကို ကျပ် ၁၅၀ အထိ ဈေး နှုန်းကျဆင်းလာတာပါ။
ဆားကြမ်းဈေးနှုန်း ကျဆင်းလာပေမယ့် နေလှန်းဆားထုတ်လုပ်မှုမှာ အဓိကအသုံးပြုနေရတဲ့ စက်သုံးဆီဈေးနှုန်းဟာ အခုလအတွင်း တစ်ပေပါကို ကျပ် ၉ သိန်းကနေ ၁၀ သိန်းကျော်အထိ ဈေးနှုန်း မြင့်တက်လာတာ ဖြစ်ပါတယ်။
အခုလိုအခက်အခဲတွေကြောင့် နေလှန်းဆားလုပ်ငန်းအများစု လုပ်ငန်းရပ်နားထားကြပြီး အခြေအ နေ စောင့်ကြည့်နေကြတယ်လို့ ရေးမြို့နယ်ရှိ ဆားတောင်သူတစ်ဦးက ပြောပါတယ်။
ဆားကြမ်းဈေးနှုန်းကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့ ဆားတောင်သူတွေဟာ တဖက်မှာတော့ အလုပ်သ မားစရိတ်အပါအဝင် အထွေထွေကုန်ကျစရိတ်ကြီးမြင့်မှု ပြဿနာကြောင့် အရှုံးနဲ့ရင်ဆိုင်ရတာတွေ ရှိနေပါတယ်။
သံဖြူဇရပ်မြို့နယ်ရှိ ဆားတောင်သူတစ်ဦးကလည်း ထုတ်လုပ်မှုကုန်ကျစရိတ် မကာမိတဲ့အတွက် နေလှန်းဆားငယ်တွေ အရှုံးပေါ်လာတဲ့တာကြောင့် လုပ်ငန်းတွေ ရပ်နားထားကြတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်ဟာ နေလှန်းဆားလုပ်ငန်းကို ရေး၊ သံဖြူဇရပ်နဲ့ပေါင်မြို့နယ်တို့မှာ အဓိကလုပ်ကိုင်နေတာဖြစ်ပြီး နှစ်စဉ်ဆားတန်ချိန် လေးသောင်းကျော် ထွက်ရှိနေပါတယ်။
ဒါပေမဲ့ ဆားတောင်သူတွေဟာ ပြီးခဲ့တဲ့နှစ်နှစ်တိုက် အထွေထွေကုန်ကျစရိတ်ကြီးမြင့်တာ၊ ရာသီ ဥတုဖောက်ပြန်မှုနဲ့အတူ ဆားကွင်းတွေ ထိခိုက်ပျက်စီးမှုနဲ့ ကြုံခဲ့ရတဲ့အတွက် အရှုံးနဲ့ရင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ