ရေဖြူ၊ ဒီဇင်ဘာ ၁၇

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအခြေစိုက် စစ်ကောင်စီရဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်ခဲ့တယ်လို့ တော်လှန် ရေးအင်အားစုတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဒရုန်းဖျက်စနစ် အများအပြားတပ်ဆင်ထားတဲ့ မောရဝတီရေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာ ၁၅ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်မှာ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ဗုံး၃ လုံးချပြီး တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း ဒရုန်းဗုံးတွေဟာ မောရဝတီရေတပ်စခန်းဌာနချုပ်ဝင်းအတွင်းရှိ အရာရှိနေအိမ်တွေနဲ့ ရုံးအနီးကျရောက်ပေါက်ကွဲခဲ့ပြီး ၃ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ရေတပ်စခန်းဌာနချုပ်အတွင်း ပေါက်ကွဲမှုတွေ ဖြစ်ပြီးနောက် စစ်ကောင်စီရဲ့ ရေတပ်စခန်းဌာနချုပ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်မယ့် အနီးပတ်ဝန်းကျင် ကျေးရွာထဲကို လက်နက်ကြီး အချက် ၂၀ ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့ပါတယ်။

ရေတပ်စခန်းဌာနချုပ်ကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ အိန္ဒဲရာဇာကျေးရွာနဲ့ ဆင်ကူးကျေးရွာအနီးရှိ ဥယျာဉ်ခြံတွေနဲ့ ရော်ဘာခြံတွေထဲ ကျရောက်ပေါက်ကွဲခဲ့ပေမယ့် လူထိခိုက်ဒဏ်ရာရတာတော့မရှိဘူးလို့ ဒေသခံတွေက ပြောဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုပြီးနောက် စစ်ကောင်စီရေတပ်စခန်းဌာနချုပ်ကနေ ကံပေါက်ဒေသ အဝင်အထွက် လမ်းအားလုံးကို ပိတ်ဆို့ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်ခဲ့ပြီး ညနေပိုင်းမှသာ လမ်းတွေပြန်ဖွင့်ပေးခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ကံပေါက်ဒေသရှိ မောရဝတီရေတပ်စခန်းဌာနချုပ်ဟာ ဟိန်းဇဲရေယာဉ်စု ရေတပ်စခန်းဖြစ်သလို လေ့ကျင့်ရေးသင်တန်းကျောင်း တစ်ခုလည်းဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.