ထားဝယ်၊ ဒီဇင်ဘာ ၂၀
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် မောင်မယ်ရှောင် ကျေးရွာအနီးရှိ ဘုရားမဲစစ်ဆေးရေးဂိတ် အလစ်ငိုက် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးခဲ့တယ်လို့ ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ DGRF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်နေ့ နေ့လည် ၁ နာရီအချိန်ခန့်မှာ စစ်ကောင်စီရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အလစ်အ ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။
အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု ၁၅ မိနစ်နီးပါးအကြာ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်သား ၂ ဦးသေးဆုံးခဲ့တဲ့အပြင် ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိတယ်လို့ DGRF ပြန် ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်တာကြောင့် တော်လှန်ရေးအင်အားစုတွေဘက်က ရဲဘော် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပေမယ့် ဆေးတပ်ဖွဲ့ရဲ့ အချိန်မီကုသမှုကြောင့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
ပြီခဲ့တဲ့ ၂ လအတွင်း DGRF နဲ့ စစ်ကောင်စီတပ်တို့ကြား ပြောက်ကျားတိုက်ခိုက်မှုနဲ့ ထိတွေ့တိုက်ပွဲတွေကြောင့် အရန်ကျည်ကုန်ပြီး ကျည်ဆံလိုအပ်ချက်ရှိလာတဲ့အတွက်ကြောင့် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့ တောင်းဆိုထားပါတယ်။
ထားဝယ်ခရိုင်ရှိ ထားဝယ်မြို့နယ်အပါအဝင် မြို့နယ် ၄ မြို့နယ်က စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေအနေနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး အလင်းဝင်ရောက်ကြဖို့ ထားဝယ်ခရိုင် တော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်နေ့ကလည်း ထားဝယ်မြို့နယ် ပေါက်တိုင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့ပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-DGRF