လောင်းလုံး၊ ဒီဇင်ဘာ ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF အားပေးတဲ့ ကျေးရွာတွေကို သူပုန်အဖြစ် သတ်မှတ်ရှင်းလင်းသွားမယ်လို့ စစ်ကောင်စီတပ်က ခြိမ်းခြောက်လာကြောင်း ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။

ဒီဇင်ဘာ ၁၅ ရက်နေ့ မနက်အစောပိုင်းမှာ တပ်အင်အား ၄၀ ကျော်ပါတဲ့ စစ်ကြောင်းဟာ လောင်းလုံးမြို့နယ် စပ်ပြဲကျေးရွာအတွင်း ဝင်ရောက်လာပြီး ပြည်သူပိုင်တန်ဖိုးရှိ ပစ္စည်းတွေ ယူဆောင်သွားပြီးနောက် အခုလို ခြိမ်းခြောက်ခဲ့တာပါ။

စစ်ကောင်စီတပ်က “အကြမ်းဖက်အားပေးကျေးရွာတွေကို သူပုန်ရွာအဖြစ် သတ်မှတ်ရှင်းလင်းပစ်မယ်” “လောင်းလုံးအောက်ပိုင်းရွာတွေ အကြမ်းဖက်အားပေး ထောက်ခံမှုလုပ်ရင် နောက်နေ့ကစပြီး သွားလာမှုရပ်ပြီး အပြတ်ရှင်းလင်းချေမှုန်းမယ်”ဆိုတဲ့ အသင့်ပါလာတဲ့ စာရွက်တွေကို နေအိမ်တွေမှာ လိုက်ကပ်သွားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ကျေးရွာအတွင်းရှိ လမ်းတွေမှာလည်း “PDF အားပေးရင် ရွာကိုဖျက်မယ်၊ ဆန္ဒပြပါက ကျေးရွာကို မီးရှို့မယ်”ဆိုတဲ့ စာတွေကိုလည်း ရေးသားခြိမ်းခြောက်သွားတယ်လို့ သိရပါတယ်။

ဒေသခံတစ်ဦးက စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့် အားလုံးကြောက်ရွံ့ထိတ်လန့်နေကြသလို ထွက်ပြေးတိမ်းရှောင်ဖို့ ပြင်ဆင်ကြပြီလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

စပ်ပြဲကျေးရွာထဲ ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ နေအိမ် ၅၀ ကျော်ကို ဝင်ရောက်မွှေနှောက်ပြီး တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားသလို ဆိုင်ကယ် ၂၇ စီးကိုလည်း အတင်းအဓမ္မယူဆောင်သွားတယ်လို့ ဒေသခံတွေက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၃ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ညင်းမော်ကျေးရွာအတွင်းရှိ ဒေသခံပြည်သူပိုင်နေအိမ် ၂၆ လုံးကလည်း ကျပ်သိန်း ၅၀၀ ကျော် တန်ဖိုးရှိ ရွှေ၊ ဆိုင်ကယ်တွေ အပါအဝင် တန်ဖိုးရှိပစ္စည်းတွေ ယူဆောင်သွားတာပါ။

အခုနှစ်ကုန်ပိုင်းစပြီး လောင်းလုံးမြို့နယ်ထဲ စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ PDF တွေ ထောက်ခံရင် ဒီထက်ဆိုးမယ်၊ ဆန္ဒပြရင် ဒီထက်ဆိုးမယ်ဆိုတဲ့ ခြိမ်းခြောက်စာတွေ ရေးသားသွားလေ့ရှိတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.