မော်လမြိုင်၊ ဒီဇင်ဘာ ၁၆
မွန်ပြည်နယ် မော်လမြိုင်မြို့ရှိ တောင်ဝိုင်းတောင်တက်လမ်းကို လုံခြုံရေးအခြေအနေကြောင့် ဖြတ်သန်းသွားခွင့် အချိန်ကန့်သတ်လိုက်ကြောင်း စစ်ကောင်စီဘက်က ဒေသန္တရအမိန့် ထုတ်ပြန်ထားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
စစ်ကောင်စီရဲ့ မော်လမြိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက လတ်တလောအခြေအနေအရလို့ဆိုပြီး တောင်ဝိုင်းတောင်တက်လမ်းကို နေ့စဉ် ညနေ ၆ နာရီကနေ မနက် ၆ နာရီအတွင်း ဖြတ်သန်းသွားလာခွင့် ကန့်သတ်လိုက်တယ်လို့ ဒီဇင်ဘာ ၁၄ ရက်နေ့ ရက်စွဲနဲ့ ဒေသန္တရအမိန့်ထုတ်ပြန်ထားတာပါ။
အဲဒီဒေသန္တရအမိန့်အရ တောင်ဝိုင်းတောင်ပေါ် ဘုရားဖူးလာမယ့်ပြည်သူတွေနဲ့ မနက်ခင်း တောင်တက်မယ့်သူတွေဟာ မနက် ၆ နာရီကနေ ညနေ ၆ နာရီအထိသာ တောင်တက်လမ်း အသုံးပြုခွင့်ရရှိမှာ ဖြစ်ပါတယ်။
မော်လမြိုင်တောင်ဝိုင်း တောင်တက်ခွင့် အချိန်ကန့်သတ်လိုက်တာဟာ မော်လမြိုင်အခြေစိုက် စစ်ကောင်စီရဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုက်ခိုက်ခံရတာကြောင့် ဖြစ်နိုင်တယ်လို့ ဒေသခံတွေက သုံးသပ်ပါတယ်။
ဒေသခံတစ်ဦးကလည်း စစ်ကောင်စီဘက်က တောင်တက်ခွင့် အချိန်ကန့်သတ်လိုက်တဲ့အတွက် လုံခြုံရေးအရ ဘယ်သူမှတောင်တက်ကြတော့မှာ မဟုတ်ဘူးလို့ ပြောပါတယ်။
မော်လမြိုင်တောင်ဝိုင်းတောင်နဲ့ တောင်ညိုတောင်တန်းဟာ တောင်ကြောတစ်ခုတည်းမှာ တည်ရှိနေပြီး အရှေ့ တောင်တိုင်းစစ်ဌာနချုပ်နဲ့ ထိစပ်နေတာဖြစ်သလို တောင်တန်းတလျှောက်မှာလည်း စစ်ကောင်စီတပ်ဘက်က ကင်းပုန်းဝပ်တာနဲ့ စခန်းချတာတွေလည်း ရှိနေတာပါ။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်ကို ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုပူး ပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့လာရောက်တိုက်ခိုက်ထားသလို အာဏာသိမ်းကာလအတွင်း ၃ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရတာပါ။
လက်ရှိမှာလည်း စစ်ကောင်စီဟာ ရတခစစ်ဌာနချုပ်ထံ ဝင်ရောက်နိုင်တဲ့ ကျိုက်မရော၊ မုဒုံနဲ့မော်လမြိုင်မြို့ နယ်တို့မှာ လုံခြုံရေးတိုးမြှင့်ထားသလို မြို့အဝင်အထွက်နေရာတွေမှာလည်း ပိတ်ဆို့စစ် ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Sean Z