ဂန့်ဂေါ – ဒီဇင်ဘာ ၁၁
မကွေးတိုင်း၊ဂန့်ဂေါခရိုင်မှာ နိုဝင်ဘာလ အတွင်းတိုက်ပွဲပေါင်း ၁၀ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ဘက်က ၃ ဦးသေဆုံးကာ ၁၅ ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသ မကွေးတိုင်း ကွပ်ကဲရေးရဲ့ လစဉ်တိုက်ပွဲနဲ့ ထိခိုက်သေဆုံးအချက်အလက်တွေမှာဖော်ပြထားပါတယ်။
နိုဝင်ဘာလအတွင်း တိုက်ပွဲတွေမှာ ပစ်ခတ်တိုက်ခိုက်မှု ၇ ကြိမ်၊မိုင်းဆွဲတိုက်ခိုက်မှု ၁ ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၂ ကြိမ်ဖြစ်တယ်လို့ သိရပါတယ်။
တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၃ ဦးသေဆုံးပြီး ၉ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကာ ၁၅ ဦး အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ထိတွေ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သားတွေဆီက မိုင်း ၃၆ လုံး၊ဗုံးသီး ၅၁ လုံး၊ကျည် ၆၂၀၅ တောင့်နဲ့ လက်နက် ၂၂ လက်တို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ နယ်စခန်း တွေကို စွန့်လွှတ်ရတာတွေဆက်တိုက်ဖြစ်လာနေပြီး မြို့ပေါ် မှာပဲ ခြေကုပ်ယူထားတဲ့ အနေအထားဖြစ်လာတယ်လို့ ဂန့်ဂေါတိုက်ပွဲတွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့တော်လှန်ရေးတပ်ဖြစ်တဲ့ ABSDF Column 3 ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ရဲဘော် ပြည့်ဖြိုးကျော်က သံလွင်တိုင်းမ် ကိုပြောပါတယ်။
ဒါ့အပြင် တိုးတက်လာတဲ့ စစ်ရေးအခြေအနေဟာ ပြည်သူတွေရဲ့ ထောက်ခံမှုကြောင့် ရရှိလာတာ ဖြစ်ပြီး ဆက်လက်ထောက်ခံအားပေးကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။
ဂန့်ဂေါခရိုင်တိုက်ပွဲတွေဟာ ထီးလင်းမြို့နယ်နဲ့ ဂန့်ဂေါမြို့နယ်တွေမှာဖြစ်ပွားခဲ့တာဖြစ်ပြီး အဲဒီထဲက ၉ ကြိမ်ဟာ ဂန့်ဂေါမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကလည်း ဂန့်ဂေါမြို့နယ်မင်းရွာရဲစခန်းကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်ပြီးနောက် တောင်ခင်ရန်းရဲစခန်းနဲ့ ကန်ရွာရဲစခန်းတွေကို စစ်ကောင်စီတပ်သားတွေ စွန့်ခွာထွက်ပြေးခဲ့ကြပါသေးတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ