တိုကျို၊ ဒီဇင်ဘာ ၉

ကမ္ဘာ့စီးပွားရေးနှေးကွေးမှုနဲ့ အမေရိကန် အတိုးနှုန်းတွေ မြင့်တက်လာတာ၊ မသေချာမရေရာမှုတွေ မြင့်တက်နေတဲ့ကြား ဒေသတွင်း အရေးပေါ်အခြေအနေတွေကို တုံ့ပြန်ဖို့ ချေးငွေအထောက်အပံ့သစ်တစ်ခု ထူထောင်ဖို့ အာဆီယံအပါအဝင် ၁၃ နိုင်ငံ သဘောတူညီခဲ့ပါတယ်။

ဒေသတွင်းဘဏ္ဍာရေးအကျပ်အတည်းတွေကို ဖြေရှင်းဖို့အတွက် အာဆီယံအပြင် ဂျပန်၊ တရုတ်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ရဲ့ လက်ထောက်အရာရှိတို့က သဘောတူညီခဲ့တာ ဖြစ်ပါတယ်။

လျင်မြန်လွန်းတဲ့ ငွေကြေးထောက်ပံ့မှုလို့ အမည်ပေးထားတဲ့ အဲဒီအစီအစဉ်သစ်ကို လာမယ့် နွေဦးရာသီမှာ ကျင်းပမယ့် ဝန်ကြီးအစည်းအဝေးအတွင်း တရားဝင် အတည်ပြုမယ်လို့ ဂျပန်ထိပ်တန်းဘဏ္ဍာရေးသံတမန် မာဆာတို ကန်ဒါက ပြောကြားခဲ့ပါတယ်။

ဒီအစီအစဉ်သစ်ဟာ CMIM လို့ အမည်တွင်တဲ့ နိုင်ငံစုံငွေကြေး လဲလှယ်မှုကွန်ရက်ကို ဖြည့်စွက်ဖို့ရည်ရွယ်ပြီး CMIM ရဲ့ အောက်မှာ ရှိမှာဖြစ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“CMIM ကို ငွေကြေးတည်ငြိမ်ရေးအတွက် ကျွန်တော်တို့အားလုံးက ဖန်တီးခဲ့တာပါ။ ကိုဗစ်ကပေးတဲ့သင်ခန်းစာပါ။ သဘာဝဘေးအန္တရာယ်တွေ ဘယ်အချိန်မှာ ကပ်ရောဂါတွေ ဖြစ်ပွားနိုင်တယ်ဆိုတာ မသိနိုင်ပါဘူး။ အဖွဲ့ဝင်နိုင်ငံတွေရဲ့ စီးပွားရေးဆိုတာကလည်း ဒီလိုအခြေအနေမျိုးမှာ ငွေပေးချေမှုလက်ကျန် လိုအပ်ချက်ကို ဖြည့်ဆည်းပေးမယ့် အထောက်အကူတွေကို တောင့်တနေကြပါတယ်”လို့ မစ္စတာ ကန်ဒါ က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အဖွဲ့ဝင်တွေကို အရေးပေါ်အခြေအနေတွေမှာ ရန်ပုံငွေတွေယူနိုင်ရန် ခွင့်ပြုပေးတဲ့ လက်ရှိငွေ ကြေးလဲလှယ်မှုဆိုင်ရာ လမ်းကြောင်းတွေကို ပိုမိုလက်လှမ်းမီနိုင်စေဖို့ စိတ်အားထက်သန်လျက်ရှိပါတယ်။

အာဆီယံအပါအဝင် အဲဒီသုံးနိုင်ငံအဖွဲ့ဟာ ၁၉၉၀ ခုနှစ်နှောင်းပိုင်း အာရှဘဏ္ဍာရေးအကျပ်အတည်းအပြီး ၂၀၀၀ ခုနှစ်မှာ ငွေကြေးဖလှယ်မှုလိုင်းကို ဖန်တီးခဲ့ပြီး ၂၀၁၀ ခုနှစ်မှာတော့ ဘက်စုံကွန်ရက်အဖြစ် ပြန်လည်မွမ်းမံပြင်ဆင်ခဲ့တာလည်း ဖြစ်ပါတယ်။

Ref – Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.