လောင်းလုံး၊ ဒီဇင်ဘာ ၇

တနင်္သာရီတိုင်း၊လောင်းလုံးမြို့ပေါ်ရှိ မြို့မရဲစခန်းနဲ့ စစ်ဘက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ စရဖရုံးကို ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

အဲဒီရဲစခန်းနဲ့စရဖရုံးကို ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၄ နာရီအချိန်ခန့်မှာ ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက နေရာ ၃ နေရာကနေ တပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအချိန် နာရီဝက်နီးပါးအကြာဖြစ်ပွားပြီးနောက် တိုက်ပွဲငြိမ်သက်သွားတယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

နှစ်ဖက်ပစ်ခတ်မှုအတွင်း ထိခိုက်မှုအခြေအနေနဲ့ပတ်သက်ပြီး အသေးစိတ်မသိရသေးသလို ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်ကလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

ဒေသခံတွေအဆိုအရ တိုက်ပွဲပြီးနောက် မနက် ၆ နာရီလောက်မှာ စစ်ကောင်စီဘက်က မြို့တွင်းမြို့ပြင်နေရာတွေမှာ စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပြီး မနက် ၈ နာရီအချိန်ခန့်မှာတော့ အစစ်ဆေးမရှိတော့ဘဲ ဒေသခံတွေ ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။

မြို့မရဲစခန်းနဲ့ စရဖရုံး ဝင်ရောက်တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖ LLPDF ရဲ့ တာဝန်ရှိသူတွေထံ သံလွင်တိုင်းမ်ကို ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့ကလည်း လောင်းလုံးမြို့၊ က ရပ်ကွက်ရှိ လဝကရုံးရှေ့မှာ ဆိုင်ကယ်နဲ့ကားတွေကို စစ်ဆေးမှုတွေ ပြုလုပ်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရတာကြောင့် တစ်ဦးသေဆုံးခဲ့သေးတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.