လွိုင်ကော် – ဒီဇင်ဘာ ၅
ကရင်နီပြည်နယ်၊လွိုင်ကော်မှာ မြို့သိမ်းတိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတဲ့ ပြည်သူတွေရဲ့ နေအိမ်တွေ ဖောက်ထွင်းခိုးယူခံရတာတွေရှိလာတဲ့အတွက် ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် KNDF က ဖမ်းဆီးအရေးယူတာတွေရှိခဲ့တယ်လို့ သံလွင်တိုင်းမ်ကိုပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းကစပြီး လွိုင်ကော်မြို့ပေါ်က မင်္ဂလာရပ်ကွက်နဲ့ နောင်ယား ရပ်ကွက်တွေက ပြည်သူပိုင်နေအိမ်တွေဆက်တိုက်ဖောက်ထွင်း ခံနေရတာပါ။
ပြည်သူပိုင်နေအိမ်တွေကို ဖောက်ထွင်းခိုးယူသူတွေထဲမှာ စစ်ကောင်စီတပ်သားတွေနဲ့ စစ်တပ်နဲ့ ဆက်စပ်သူတွေပါဝင်နေတယ်လို့ KNDF တာတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးရမိသူတွေထဲမှာ စစ်သားဟောင်းတွေ၊လမ်းလုပ်သားတွေနဲ့ ဒေသခံမဟုတ်တဲ့သူတွေ အများအပြားပါဝင်နေတဲ့အတွက် ကရင်နီပြည် ရဲတပ်ဖွဲ့-KSP ကိုပို့ပြီး အမှုဖွင့်အရေးယူတာ တွေရှိတယ်လို့ သူကပြောပါတယ်။
နိုဝင်ဘာလ ၂၁ ရက်နေ့က လွိုင်ကော်မြို့ပေါ်က ဒေသခံတွေရဲ့ နေအိမ်ကို ဖောက်ထွင်းနေတဲ့ စစ်ကောင်စီ ခလရ ၂၈၇ တပ်ရင်းရဲ့ တပ်ပြေးတစ်ဦးကို ဖမ်းဆီးရမိထားတယ်လို့ သိရပါတယ်။
တော်လှန်ရေးအင်အားစုတွေရဲ့ မြို့သိမ်းတိုက်ပွဲတွေကြောင့် ဒေသခံ ၄ သောင်းကျော်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြပြီး မြို့ပေါ်မှာ ဒေသခံအနည်းငယ်ပဲ ကျန်နေခဲ့ကြတာဖြစ်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီက လွိုင်ကော်မြို့ပေါ်ကို လက်နက်ကြီးတွေ၊လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် မြို့ပေါ်က ဟိုတယ်တွေအပါအဝင် လူနေအိမ်အများစု မီးလောင်ပျက်စီးခဲ့ရတယ်လို့ သိရပါတယ်။
ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF က တိုက်ပွဲဖြစ်ပွားနေတာကို အခွင့်ကောင်းယူပြီး ဒေသခံတွေရဲ့ နေအိမ်တွေကိုဖောက်ထွင်းခိုးယူသူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ် လို့ သတိပေးထားပါတယ်။
ပြည်သူတွေရဲ့ အိမ်ဖောက်ထွင်းခိုးယူသူတွေကို ဖမ်းဆီးရမိထားတဲ့အခြေအနေ အသေးစိတ်ကိုတော့ KNDF ကဖြေဆိုဖို့ငြင်းဆိုသွားသလို ကရင်နီရဲတပ်ဖွဲ့ထံသို့ ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့တော့ မရသေးပါဘူး။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNDF