အုတ်ဖို – ဒီဇင်ဘာ ၄

ပဲခူးတိုင်း၊အုတ်ဖိုမြို့နယ်၊ လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စခန်းချနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦးကို သာယာဝတီခိုင် PDF တပ်ရင်း ၃၈၀၂၊တပ်ခွဲ ၅ က ဝင်ရောက်ဖမ်းဆီးခဲ့ချိန်မှာ တပ်သား ရောဆက် ဆိုသူကို MA-3 သေနတ် ၁လက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ပဲခူး PDF က အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ညနေပိုင်းမှာ သူတို့ကို သာယာဝတီခရိုင် PDF ကဝင်ရောက်ဖမ်း ဆီးခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၂ ဦးနဲ့ ကျောင်းထိုင်ဘုန်းကြီးတို့ဟာ ကားနဲ့ထွက်ပြေး သွားခဲ့တယ်လို့ ဆိုထားပါတယ်။

ဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားကို စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ စစ်ဆေးမေးမြန်းချိန်မှာတော့ သူတို့ဟာ အင်အား ၃၀ နဲ့ ပဲခူးရိုးမအတွင်းက မင်းလှဆည်ကို စစ်ကြောင်းထိုးခဲ့ပြီး ပြည်သူ တွေရဲ့ စက်လှေ ၃ စင်းကို မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ထွက်ဆိုထားပါတယ်။

ဒါ့အပြင် ဆယ်ရွာက ပြည်သူတစ်ဦးရဲ့ နေအိမ်အတွင်းဝင်ရောက်တပ်စွဲပြီး အိမ်ရှင်အမျိုးသား ဖြစ်သူကို အရက်ဝယ်ခိုင်းကာ အိမ်ရှင်အမျိုးသမီးကို မုဒိန်းကျင့်ဖို့ ကြိုးစားပေမယ့် အောင်မြင် မှုမရရှိခဲ့ဘဲ ဒီဇင်ဘာလ ၂ ရက်နေ့မှာတော့ လယ်ကြမ်းတောက ပြည်သူတွေကို ပေါ်တာဆွဲစဉ် ထွက်မပြေးနိုင်ဘဲ ကျန်ခဲ့တဲ့ မသန်စွမ်းအမျိုးသမီး ၁ ဦးကိုလမ်းပြအဖြစ် ဖမ်းဆီးခေါ်ဆောင်ပြီး မုဒိန်းကျင့်ခဲ့တယ်လို့ဆိုပါတယ်။

အဲဒီနောက် လင်းနေစန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ တည်ခိုနေစဉ် တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

ဖမ်းဆီးထားတဲ့ စစ်ကောင်ဟီတပ်သားကို စစ်သုံ့ပန်းဥပဒေတွေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းထားပေမယ့် ဒီနေ့ ဒီဇင်ဘာလ ၄ ရက်နေ့မနက်အစောပိုင်းမှာ တော်လှန်ရေးရဲဘော်တွေအိပ်နေ ချိန် ထွက်ပြေးသွားတဲ့အတွက် ကင်းတာဝန်ကျ ရဲဘော်တွေက လိုက်လံပစ်ခတ်ဖမ်းဆီးစဉ် နေရာ မှာပဲ သေဆုံးသွားတာဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Bago – PDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.